အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးပြီးမှ ၀ရမ်းထုတ်ခြင်း၊ ပြန်လည်လိုက်လံဖမ်းဆီးခြင်း လုပ်ဆောင်နေမှုတွေဟာ လုံး၀ လက်သင့်မခံနိုင်တဲ့အပြင် အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN)က ဒီနေ့(အောက်တိုဘာ၂၁)ထုတ်ပြန်ပါတယ်။
ယခင်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လွှတ်ပေးပြီးမှ မတရားပုဒ်မအသစ်များ ထပ်မံတပ်ကာ ၀ရမ်းထုတ်ခြင်း၊ ပြန်လည်လိုက်လံဖမ်းဆီးခြင်းစတဲ့ အာဏာရှင်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်ခြင်းဟာ လုံး၀လက်သင့်ခံနိုင်စရာမရှိတဲ့အပြင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တာကြောင့် GSCNက အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။
ဘယ်လိုပဲ ဖိနှိပ်စေကာမူမတရားမှုကို ဆန့်ကျင်တဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူများက ကြောက်ရွံသွားမှာမဟုတ်ဘဲ ဆက်လက်ခုခံတော်လှန်ကြမှာသာဖြစ်ပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများရဲ့ လွတ်မြောက်ရေး အတွက်လည်း GSCN က နည်းမျိုးစုံနဲ့ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ကြေညာပါတယ်။
ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီဟာ မတရားဖမ်းဆီး ထိန်းသိမ်းတဲ့ ၉၀၆၇ ဦးအနက် ၇၁၉၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့ GSCN ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကလည်း မကြာသေးမီက အကြမ်းစစ်ကောင်စီပြန်လွှတ်ပေးသူများအနက် ၁၁၀ဦးဟာ ပြန်လည် ဖမ်းဆီးခံရတယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။


















































