ဒီနေ့မနက်ပိုင်းက မန္တလေး ကညနရုံးရှေ့မှာ ဖြစ်ပွားတဲ့ပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိပြီး အဲဒီလူနာတွေထဲ လူမှုကူညီရေးအသင်းက ၅ ဦးပါဝင်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)ကနေစုံစမ်းသိရပါတယ်။
ပေါက်ကွဲမှုဟာ ၂ ကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး ကနဦးပေါက်ကွဲမှုအပြီး သွားရောက်ကူညီတဲ့ လူမှုကူညီရေးအသင်းကသူတွေဟာ ဒုတိယအကြိမ်ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသွားတာပါ။

ဒဏ်ရာရသွားတဲ့ လူမှုကူညီရေးအသင်းကသူတွေဟာ ရွှေမန္တလေးလူမှုကယ်ဆယ်ရေးအသင်းမှ ၃ဦး၊ဌာနီအရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ ၂ဦး တို့ဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့သူတွေကို မန္တလေးဆေးရုံမှာကုသပေးနေတယ်လို့သိရပါတယ်။
ကနေ့ကညနရုံးရှေ့ ပေါက်ကွဲမှုဟာ Special Attacking Force (Upper Burma) ရဲ့လက်ချက်လို့အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ပြည်သူကိုသတ်မယ့် ကျည်ဆံဖိုးတွေ စစ်ကောင်စီဆီစီးဆင်းနေတာကို လုံးဝဖြတ်တောက်ဖို့ရည်ရွယ်တဲ့လှုပ်ရှားမှုသာဖြစ်တယ်လို့ဆိုထားပါတယ်။
မလိုလားအပ်တဲ့ထိခိုက်မှုတွေရှောင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီထောက်တိုင်တွေနဲ့ဝေးဝေးတွင်သာနေကြဖို့ကိုလည်းတိုက်တွန်းထားတာတွေ့ရပါတယ်။
လက်ရှိမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကနညရုံးဘေးရှိ လမ်း၁၁၀(သိပ္ပံလမ်း)၊ ၇၃လမ်းနဲ့ ၇၈လမ်းကြားကို အသွားအလာပိတ်ထားပြီး စစ်ကောင်စီက လုံခြုံရေးယူထားတာတွေ တွေ့ရပါတယ်။


















































