စစ်ကောင်စီတပ်တွေနေရာယူထားတဲ့ မန္တလေးမြို့ရှိ နေရာအများစုမှာ ဒီနေ့ညပိုင်းက ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
တိုင်းလွှတ်တော် အဆောက်အအုံနား လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဂိတ်တိုက်ခိုက်ခံရသလို မဟာအောင်မြေမြို့နယ် ၈၄လမ်းက KBZဘဏ်အနီး နဲ့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းတောင်ဘက် ၆၂လမ်းရှိ ဖူဂျီဈေးဝယ်စင်တာက KBZ ATM စက်နားပေါက်ကွဲခဲ့တာပါ။
စစ်ကောင်စီဂိတ်ကို တိုက်ခိုက်တာဟာ Rangers of Mandalay က သူတို့ရဲ့လက်ချက်လို့အသိပေးထားပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်တာတွေရှိခဲ့ပြီး Rangers of Mandalay အဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။

Public Service Announcement
ဒါအပြင် စစ်ကောင်စီတွေတပ်စွဲထားတဲ့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း လေးမျက်နှာဘုရားဝင်းအနီးမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် မနော်ဟရီလမ်း၊ ၅၈လမ်းကနေ ၅၅လမ်းအထိ လမ်းကိုသုံးလို့မရအောင်စစ်ကောင်စီက ပိတ်ထားလိုက်ပါတယ်။
” ပေါက်ကွဲမှုဖြစ်လို့ ဘေးနားကလမ်းတွေမှာ လိုက်ရမ်းပြီး ပစ်မယ်ဆိုပြီးအော်နေတာ။ဘုရားဝင်းထဲမှာ တပ်စွဲထားတာကြာပြီ။ သူတို့က မနော်ဟရီလမ်းကိုပိတ်ထားတာ ။ အဓိကမိန်းလမ်းဆိုတော့ လူတွေကရှောင်မောင်းရတာ အဆင်မပြေဘူးလေ။ အခုဖွင့်တာဘယ်လောက်မကြာဘူးပြန်ပိတ်သွားပြီ”လို့ လေးမျက်နှာဘုရားအနီးမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေကလည်း လေးမျက်နှာဘုရားဝင်းရှေ့ လုံခြုံရေးကင်းနေရာကို ဗုံးလာပစ်တဲ့အတွက် သေဆုံးတာတွေရှိခဲ့ပါတယ်။
ဒီကနေ့ နံနက် ၁၁နာရီလောက်ကလည်း မန္တလေးတိုင်း ကညနရုံးရှေ့ ဗုံးပေါက်ကွဲတဲ့အတွက်လူ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ် ၁၅စီး ပျက်စီးသွားပါတယ်။


















































