ကလေးမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီး နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း People’s Defence Force (Kalay)က ယနေ့သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ပရမ်းပတာပစ်ခတ်မှုများနှင့်အတူ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့သော ကလေးမြို့ ချောင်းခွရွာအနီးတိုက်ပွဲတွင် PDFဖက်မှ သုံးဦးကို ဖမ်းဆီးသွားပြီး နှစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်ကလေးမြို့နယ်တိုက်ပွဲသတင်းနောက်ဆက်တွဲအဖြစ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုဝင်ဘာ ၃ ရက်နေ့တိုက်ပွဲအတွင်းကင်းတာဝန်ယူဆောင်ရွက်နေသော မိမိတို့ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပ.က.ဖအဖွဲ့ဝင် သုံး ဦးသည် အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ချောင်းခွရွာ စာသင်ကျောင်းအနီးတွင် နှစ်ဦးပစ်သတ်ခံခဲ့ရ၍ ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာသတင်းထုတ်ပြန်အပ်ပါသည်” ဟု People’s Defence Force (Kalay) က ယနေ့(နိုဝင်ဘာ ၄ရက်)တွင် ဖော်ပြထားသည်။
ထို့အပြင် ယမန်နေ့ည ၇ နာရီ ဝန်းကျင်တွင် ဟားခါးလေးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ သည် နတ်ချောင်းကျေးရွာအတွင်း တပ်စွဲနေရာယူထားကာ၊ ရွာအတွင်းနေအိမ်များကို မွှေနှောက်ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု ပြည်သူလူထုအား အသိပေးထားသည်။

Public Service Announcement
ကလေးမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့ကြောင်းကလေး(PDF)နှင့် ဒေသခံများကအတည်ပြုပြောကြားသည်။ ထိုအပြင်နိုဝင်ဘာ ၂ ရက်က ကလေးမြို့နယ်တောင်ပိုင်း၌ဖြစ်ပွားသောတိုက်ပွဲနှင့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း ကလေးPDFက ထုတ်ပြန်သည်။
ကလေးမြို့နယ်တောင်ပိုင်းဒေသများတွင် တိုက်ပွဲများအချိန်မရွေးပြင်းထန်စွာဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့်ယာဥ်များဖြင့်သွားလာခြင်းမပြုရန် ၊ လုံခြုံရာသို့အဆင်သင့်ရွေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် ကလေးPDF က နိုဝင်ဘာ ၃ ရက်တွင် တိုက်တွန်းထား သည်။


















































