ကိုဗစ်ကြောင့် ရပ်နားထားသည့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းနှင့် လိုင်စင်သက်တမ်းတိုးခြင်းကို နိုဝင်ဘာ ၈ ရက်မှစ၍ အွန်လိုင်း Booking စနစ်ဖြင့် ပြန်လည် လုပ်ဆောင်မည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကသတင်းထုတ်ပြန်သည်။
ယာဥ်မောင်းလိုင်စင်ဖြေဆိုခြင်းကို ကိုဗစ်အခြေအနေများကြောင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၃ ရက်မှစတင် ရပ်နားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကိုဗစ်ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်သောကြောင့်ဟုဆိုကာ နိုဝင်ဘာ ၈ ရက်မှစတင်၍ အွန်လိုင်း Booking စနစ်ဖြင့်ဆောင်ရွက်မည်ဟု ကြေညာချက်တွင်ရေးသားထားသည်။
ဝန်ဆောင်မှုလုပ်ငန်းများရပ်နားထားသောကြောင့် ယာဉ်မောင်းဝင်ခွင့်ဖြေဆိုသူများ များပြားလာနိုင်သော်လည်း ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး နှင့် လူစူလူဝေး မဖြစ်စေရန် Social Distancing စနစ်ဖြင့် တစ်ရက်လျှင် ခ ယာဉ်မောင်းလိုင်စင် ၁၀၀ဦး ၊ ဃ ယာဉ်မောင်းလိုင်စင် ၄၀ဦး ၊ င ယာဉ်မောင်းလိုင်စင် ၂၀ ဦး၊ စုစုပေါင်း လူ ၁၆၀ ကို အချိန်လေးချိန်ခွဲ၍ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးဆောင်ရွက်ခြင်းကိုလည်း ယင်းနေရာ၌ တစ်ရက်လျှင် လူ ၉၀ ကို အချိန် သုံးချိန်ခွဲ၍ ဆောင်ရွက်ပေးမည်ဟုကြေညာထားသည်။
ထို့ကြောင့် လိုင်စင်ဖြေဆိုလိုသူများအနေဖြင့် နိုဝင်ဘာ ၅ ရက်မှစတင်၍ www.rtad.com ၌ မိမိဖြေဆိုလိုသည့် ရက်ကို ရက် ၃၀ အထိ ကြိုတင်Booking ယူနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အတူ လိုင်စင်သက်တမ်းတိုးလိုသူများကိုလည်း နိုဝင်ဘာ ၈ ရက်မှစတင်၍ အွန်လိုင်းBooking တင်၍ လုပ်ဆောင်ပေးမည်ဖြစ်ပြီး အထက်ပါ ဝက်ဆိုဒ်တွင် နိုဝင်ဘာ ၅ ရက်မှစတင် Booking တင်နိုင်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကသတင်းထုတ်ပြန်သည်။
က ၊ က-၁ ၊ ခ ၊ ဃ နှင့် င လိုင်စင်ကောင်ဆောင်ထားသူများသာ အွန်လိုင်း Booking သက်တမ်းတိုးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး သ ၊ ဂ ၊ ဌ ၊ စ ၊ ဟ၊ နယ်ဝင် နှင့် ပျောက်/ ပျက် မိတ္တူ ယာဉ်မောင်းလိုင်စင်များသည် အွန်လိုင်း Booking စနစ်ဖြင့်မဟုတ်ဘဲ ယခင်အတိုင်းသာဆောင်ရွက်ရမည်ဟု ကြေညာထားသည်။
လိုင်စင်သက်တမ်းတိုးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးလေးခုတွင် တစ်ရက် လေးကြိမ်ခွဲ၍ လူဦးရေ ၉၇၀ အတွက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကြေညာချက်တွင်ပါရှိသည်။