Connect with us

Hi, what are you looking for?

News

အာဖရိကမှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ စိုးရိမ်ရကြောင်း အတည်ပြုပြီး Omicronလို့ WHO နာမည်ပေး

Omicron မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေကို တောင်အာဖရိက၊ ဘော့ဆွာနာနဲ့ ဟောင်ကောင်တို့မှာ အတည်ပြု တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်၊ ဗြိတိန်တို့ အပါအဝင် နိုင်ငံ တချို့က အာဖရိက တောင်ပိုင်း နိုင်ငံတွေဆီက ခရီးသွားတွေကို တားမြစ်ဖို့ အရေးပေါ် ဆုံးဖြတ်လိုက်ကြပါပြီ။

တောင်အာဖရိက နိုင်ငံမှာ တွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို စိုးရိမ်ရတဲ့ မျိုးကွဲစာရင်းမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထည့်သွင်း သတ်မှတ်လိုက်ပြီး Omicronလို့ နာမည်ပေးလိုက်ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် တစ်ခုကို ရှာတွေ့ထားကြောင်း နိုဝင်ဘာ ၂၄ ရက်မှာ တောင်အာဖရိက ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီ မျိုးကွဲသစ်ကို B.1.1.529လို့ ယာယီ ကုတ်ဒ်နာမည် သတ်မှတ် မှည့်ခေါ်ခဲ့ပါတယ်။

ဒီမျိုးကွဲသစ်ရဲ့ ထူးခြားချက်ကတော့ မျိုးဗီဇ ပြောင်းလဲမှုတွေက သမားရိုးကျ ပုံစံတွေထက် ခုန်ပျံကျော်လွှားပြီး အဆင့်တွေ ကျော်နေသလို လူအချင်းချင်း ကူးစက်နှုန်းက ရှိရင်းစွဲ ဗိုင်းရပ်စ် မျိုးစိတ်တွေထက် ပိုမြန်လာနိုင်တာ ဖြစ်တယ်လို့ တောင်အာဖရိက ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာတော့ WHOရဲ့ ထိပ်တန်း ပညာရှင်တွေက ဗိုင်းရပ်စ် မျိုးကွဲသစ်နဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ အားလုံး သဘောတူ ဆုံးဖြတ်ချက်အရ ဒီဗိုင်းရပ်စ်ကို စိုးရိမ်ရတဲ့ ဗိုင်းရပ်စ် မျိုးကွဲတွေ စာရင်းထဲ ထည့်သွင်းလိုက်ပြီး Omicron မျိုးကွဲသစ်လို့ နာမည်ပေးလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

စိုးရိမ်ရတဲ့ စာရင်းဆိုတာက ဗိုင်းရပ်စ် မျိုးကွဲတွေထဲမှာ အန္တရာယ် အပေးနိုင်ဆုံးလို့ ယူဆရတဲ့ အဆင့် သတ်မှတ်ချက် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေက မျိုးဗီဇ ဆင့်ကဲပြောင်းလဲပြီး မျိုးစိတ်တွေ အများကြီး ကွဲထွက်သွားပေမယ့် ဆက်လက် တည်မြဲ ရှင်သန်တဲ့ အရေအတွက်ကတော့ အရမ်းနည်းပါတယ်။ အဲဒီထဲမှာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရပ်တည်နိုင်ပြီး ရေရှည် တည်တံ့တဲ့ မျိုးကွဲတွေက တခြား မျိုးကွဲတွေကို လွှမ်းမိုးသွားလေ့ ရှိပါတယ်။ ဥပမာ အနေနဲ့ ကမ္ဘာတလွှားမှာ ပျံ့နှံ့ ကူးစက်ခဲ့တဲ့ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ဆိုရင် WHOရဲ့ စိုးရိမ်ရတဲ့ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

Omicron မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေကို တောင်အာဖရိက၊ ဘော့ဆွာနာနဲ့ ဟောင်ကောင်တို့မှာ အတည်ပြု တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်၊ ဗြိတိန်တို့ အပါအဝင် နိုင်ငံ တချို့က အာဖရိက တောင်ပိုင်း နိုင်ငံတွေဆီက ခရီးသွားတွေကို တားမြစ်ဖို့ အရေးပေါ် ဆုံးဖြတ်လိုက်ကြပါပြီ။

အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက Omicronဟာ သတိကြီးကြီး ထားရမယ့် ခြိမ်းခြောက်မှု အသစ်လို့ ဝန်ခံခဲ့ပြီး တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ အက်ဆွာတီနီ၊ မိုဇင်ဘစ်နဲ့ မာလာဝီ နိုင်ငံက ခရီးသွား ဝင်ရောက်မှုတွေကို တားမြစ်တော့မယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အဲဒီနိုင်ငံတွေက လာရောက်ခဲ့သူတွေကိုလည်း နောက်ကြောင်းပြန် ကျန်းမာရေး စစ်ဆေး စောင့်ကြည့်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

Omicron ဖြစ်လာမယ့် B.1.1.529 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်က လူသားတွေဆီ ကူးစက်ထားတာကို နိုဝင်ဘာ ၉ ရက်မှာ ပထမဆုံးအကြိမ် စစ်ဆေး တွေ့ရှိခဲ့ကြောင်း WHOရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီမျိုးကွဲသစ် ဗိုင်းရပ်စ်ရဲ့ သက်ရောက် ထိခိုက်မှုက ဘယ်လောက် ပြင်းထန်နိုင်သလဲ ဆိုတာကို သေသေချာချာ ဖော်ထုတ် လေ့လာဖို့ကတော့ သီတင်းပတ်တွေနဲ့ ချီပြီး အချိန်ယူရဦးမယ်လို့လည်း WHOက ဆိုပါတယ်။

တရားဝင် သိပ္ပံနည်းကျ အတည်ပြုထားတာမျိုး မဟုတ်ပေမယ့် ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ဆင့်ကဲပြောင်းလဲပုံတွေအရ ရှိရင်းစွဲ ကိုဗစ် ကာကွယ်ဆေးတွေဟာ ဒီဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်စွမ်း အတိုင်းအတာ တစ်ခုထိ လျော့သွားမယ်ဆိုတာ ကျိန်းသေကြောင်း ဗြိတိန် ထိပ်တန်း ကျန်းမာရေး ပညာရှင် တစ်ဦးဖြစ်တဲ့ ဇီဝတည်ဆောက်မှု ဆိုင်ရာ ဒေါက်တာ ဂျိမ်းစ်နိုင်းစမစ်သ်က ပြောကြားခဲ့ပါတယ်။

ဒါဟာ သတင်းဆိုးဆိုတာ သေချာကြောင်း၊ ဒါပေမဲ့ ကမ္ဘာပျက်သလို စိုးရိမ်နေဖို့တော့ မလိုကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်က ပါမောက္ခ တစ်ဦးလည်းဖြစ်တဲ့ နိုင်းစမစ်သ်က ဆိုပါတယ်။ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်က ပရိုတိန်း ဖွဲ့စည်းပုံတွေကို ကြည့်ရင် ကူးစက်နှုန်း ပိုမြန်လာမယ်လို့ ထင်သာမြင်သာ ကောက်ချက်ချနိုင်ကြောင်း၊ ဒါပေမဲ့ ရောဂါ ကူးစက်မှု မြန်မမြန်နဲ့ ပတ်သက်လို့ တခြား ထည့်သွင်း တွက်ချက်ရမယ့် ညွှန်ကိန်းတွေလည်း ရှိနေသေးကြောင်း သူက ရှင်းပြပါတယ်။

အမေရိကန်မှာ ကပ်ရောဂါ တိုက်ဖျက်ရေး ကဏ္ဍကို ဦးဆောင်နေတဲ့ ဒေါက်တာ အန်သိုနီ ဖော်ချီက မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးအတွက် အလံနီ ထောင်လိုက်တဲ့ တပ်လှန့် သတိပေးမှု တစ်ခု ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ လောလောဆယ်မှာ ဒီမျိုးကွဲသစ်နဲ့ ပတ်သက်လို့ ဘာမှ ရေရေရာရာ မသိသေးကြောင်း၊ Omicronဟာ ရှိရင်းစွဲ ကာကွယ်ဆေးတွေက ထုတ်ပေးတဲ့ ကိုယ်ခံအား Antibody စနစ်ကို ကျော်လွှားနိုင်သလား ဆိုတာကို အတည်ပြုဖို့အတွက် အသေးစိတ် စမ်းသပ်မှုတွေ ပြုလုပ်ရဦးမှာဖြစကြောင်း ဒေါက်တာ ဖော်ချီက ဆိုပါတယ်။

ဗိုင်းရပ်စ် မျိုးကွဲသစ် သတင်းဟာ ကမ္ဘာ့စီးပွားရေး နယ်ပယ်ကိုလည်း အထိတ်တလန့် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ရှယ်ယာစျေးနှုူန်း ကျဆင်းမှုတွေ ပေါ်ပေါက်လာပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေကလည်း အနာဂတ် စျေးကွက်အပေါ် ထိခိုက်မှု ဘယ်လောက် ပြင်းမလဲ ဆိုတဲ့အပေါ် တွေးတော စိုးရိမ်နေကြပါတယ်။

Omicronကို ရှိရင်းစွဲ ကာကွယ်ဆေးတွေက တိုးမပေါက်တော့ဘူး ဆိုတာမျိုး အတည်မပြုနိုင်သေးပေမယ့် ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလည်း အရေးပေါ် အစီအမံတွေအတွက် စတင်တွေးတော ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ တချို့ ပညာရှင်တွေကတော့ လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေဟာ ဒီဗိုင်းရပ်စ် အသစ်ကိုလည်း အတိုင်းအတာ တစ်ခုထိ ကာကွယ်နိုင်စွမ်း ဆက်ရှိနေဦးမယ်လို့ အကောင်းမြင် မျှော်လင့်နေကြပါတယ်။

ဘာပဲဖြစ်ဖြစ် Omicronကို စိုးရိမ်ရမယ့် အဆင့်အဖြစ် WHOက လမ်းညွှန် သတ်မှတ်လိုက်ပြီ ဆိုကတည်းက ပေါ့ဆလို့ မရတော့ကြောင်း၊ လောလောဆယ်မှာတော့ သိပ္ပံ ပညာရှင်တွေက Omicronနဲ့ ပတ်သက်လို့ ဘာတွေ ဆန်းစစ် ဖော်ထုတ်နိုင်မလဲ ဆိုတာကို စိတ်ရှည်ရှည်နဲ့ ခဏစောင့်ကြည့်ဖို့ လိုကြောင်း အမေရိကန်က ကူးစက်ရောဂါ အထူးပြု ပညာရှင် ဒေါက်တာ အက်ဘ်ဒူလ် အယ်လ်ဆာယက်ဒ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။