Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂိုမှာ အီဘိုလာ ကူးစက်မှုတွေရဲ့ မြန်နှုန်းနဲ့ အတိုင်းအတာကို WHO စိုးရိမ်နေ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့မှာ WHOရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က ရောဂါနဲ့ ပတ်သက်ပြီး အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။ အပြင်းဖျားနာပြီး ကိုယ်တွင်း သွေးယိုစီးမှုတွေ ဖြစ်ပေါ်စေသလို သေနှုန်းလည်း မြင့်မားတဲ့ အီဘိုလာ ရောဂါ ကူးစက်မှုတွေကို WHOက နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ကပ်ရောဂါအဆင့် သတ်မှတ်ချက်ပြီးရင် ဒုတိယ အမြင့်ဆုံး အရေးပေါ် အခြေအနေ ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။

ဒေါက်တာ တက်ဒ်ရော့စ်က လက်ရှိ ရောဂါ ကူးစက်မှုတွေရဲ့ အတိုင်းအတာ ပမာဏရော၊ မြန်နှုန်းကပါ စိုးရိမ်စရာ ဖြစ်နေကြောင်း၊ WHO အနေနဲ့ ကွန်ဂို ကျန်းမာရေး အာဏာပိုင်တွေအတွက် ဖြစ်နိုင်သမျှ အကူအညီတွေ ပံ့ပိုးဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

အီဘိုလာ ရောဂါအတွက် ကာကွယ်ဆေးတချို့ ထုတ်လုပ်ထားပေမယ့် လက်ရှိ ကူးစက်မှုတွေ ဖြစ်ပွားစေတဲ့ ဘွန်ဒီဘူဂျို ဗိုင်းရပ်စ် မျိုးကွဲကို တားဆီးနိုင်ဖို့တော့ တရားဝင် သတ်မှတ်ထားတဲ့ ကာကွယ်ဆေး မရှိသလို ကုထုံးတွေလည်း မပေါ်သေးပါဘူး။ WHOကတော့ Erveboလို့ နာမည်ပေးထားတဲ့ စမ်းသပ်အဆင့် ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဖို့ စဉ်းစားနေပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဂို ကျန်းမာရေးဝန်ကြီး ဆမ်မြူရယ်လ် ရိုဂျာ ကမ်ဘာက မေလ ၁၉ ရက်နေ့ထိ အခြေအနေအရ ရောဂါကြောင့် လူ၁၃၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် သံသယလူနာ ၅၄၃ ဦးထိ ရှိနေကြောင်း ကြေညာခဲ့ပါတယ်။ ကွန်ဂို အစိုးရဟာ ရောဂါကူးစက်မှုကို တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီတွေကိုလည်း တောင်းဆိုထားပါတယ်။

အီဘိုလာဟာ ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အားအင်ကုန်ခန်းတာ၊ သွေးဝမ်းသွားတာ၊ ကိုယ်တွင်းသွေးယိုစီးမှုတွေ ဖြစ်ပေါ်တာမျိုး လက္ခဏာတွေ ပြသပြီး အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ်။ လူနာတွေရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ သွေးနဲ့ တခြားအရည်တွေကနေတဆင့် ဆင့်ပွားကူးစက်မှု ဖြစ်ပေါ်တတ်တာကြောင့် အကာအကွယ် ဝတ်စုံတွေ၊ ရာဘာလက်အိတ်တွေကို စနစ်တကျ အသုံးပြုဖို့ အထူးအရေးကြီးပါတယ်။

ဒါပေမဲ့ ကွန်ဂိုမှာတော့ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ လုံခြုံရေးအတွက် လိုအပ်တဲ့ လက်အိတ်တွေ မရှိတာကြောင့် အလောင်းတွေကို တိုက်ရိုက် ထိကိုင်ပြီး မြှုပ်နှံရတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။ အဲဒီ အနေအထားက ကျန်းမာရေး ဝန်ထမ်းတွေအတွက် အန္တရာယ် များလွန်းတယ်လို့ ကမ်ဘာက ဝန်ခံခဲ့ပါတယ်။

အီဘိုလာဟာ နှစ်အပိုင်းအခြားအလိုက် အာဖရိက နိုင်ငံတွေမှာ ခေါင်းထောင်လာလေ့ရှိတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အီဘိုလာကြောင့် အာဖရိကမှာ လူပေါင်း ၁၅၀၀၀ လောက် သေကြေပျက်စီးခဲ့ရပါတယ်။

ကွန်ဂိုဟာ အာဖရိက သမိုင်းမှာ အဆိုးဆုံး အီဘိုလာ ကူးစက်မှု တစ်ခုကို ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကွန်ဂိုမှာ လူပေါင်း ၃၅၀၀ လောက် ရောဂါကူးစက်ခံရပြီး ၂၃၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖရိကတိုက်ရဲ့ အပူချိန် မြင့်တက်လာမှုကြောင့် သဲကန္တာရတွေမှာ ရှင်သန်ကျက်စားနိုင်တဲ့ ကုလားအုတ်တွေတောင် တောင့်မခံနိုင်ဘဲ သေဆုံးကုန်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာကွန်ဂိုနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးပေးပြီး ရုန်းကန်ခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

သတင်း

ကင်ညာနိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေအတွက် အီဘိုလာ quarantine စင်တာ ဖွင့်လှစ်မယ့် ကိစ္စကို ဒေသခံတွေက အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

Facebook