တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ လက်မှတ်ရောင်းချခဲ့သည့် ပင်မအကောင့် နှင့်ဝယ်ယူသူများ၏ KBZ Pay အကောင့်များကို အကြမ်းဖက်စစ်ကောင်စီဘက်က ပိတ်ပင်မှူများရှိနေသောကြောင့် CDM Medical Network မှ ဝယ်ယူထားသူများအနေဖြင့် ငွေကြေးများ ရွှေ့ပြောင်းထားရန် CDMMN ကအရေးပေါ်ကြေညာချက်ထုတ်ပြန်သည်။
“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ” လက်မှတ်ရောင်းချထားသော ပင်မအကောင့်နှင့်တကွ ဝယ်ယူသူများ၏ KPay account များကိုပါ အကြမ်းဖက် စစ်ကောင်စီက မတရားသဖြင့် Freeze လုပ်နေပါသဖြင့် CDMMN မှ လက်မှတ်ဝယ်ယူထားသူအားလုံး account ထဲရှိ ငွေကြေးများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းကြပါရန်နှင့် သတိထားကြပါရန် အရေးပေါ်ကြေငြာအပ်ပါသည်။” ဟု ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားသည်။
“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ” အနုပညာပွဲတော်ကို မြန်မာ့နွေဦးတော်လှန်ရေးတွင် အရေးကြီးသည့် ကျန်းမာရေးလုပ်ငန်းစဥ်များ၌ အသုံးပြုရန် ရန်ပုံငွေပွဲအဖြစ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကံစမ်းမဲလက်မှတ်များရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာန(MOH)ကို ဦးတည်၍ ထိုင်းရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေးကော်မတီ(AAC)အဖွဲ့က စီစဥ်ခဲ့ခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့်အနုပညာရှင်များအပါအဝင် နယ်ပယ်အသီးသီးမှ လူသိများသူများလည်း ပူးပေါင်းပါဝင်ခဲ့သည်။