အင်းတော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများအား စစ်သင်တန်း စတင်ပေးနေပြီဟု Indaw Revolution-အင်းတော်တော်လှန်ရေးအဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင်ထုတ်ပြန်သည်။
အင်းတော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများကို ယဒီဇင်ဘာ ၆ ရက်ကစ၍ စစ်သင်တန်းပေးနေပြီဟုIndaw Revolution က လူထုအားအသိပေး ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်များ၏ လက်ချက်ဖြင့် သေဆုံးမှုများ နေ့စဥ် ကြုံတွေ့နေသည်။ထိုအခါ လူထုအား ဖိနှိပ်ရာ၌ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုပါ အသုံးပြုရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်။
” ရဲမိန်းမတွေပါ သင်တန်းတက်ရတယ်လို့ ကြားနေရတယ်။ စစ်ကောင်စီမှာ လူအင်အား တိုးလာဖို့မရှိတော့ဘူး။ Non CDM တွေဘက် လှည့်လာလိမ့်မယ် စောင့်ကြည့်နေ” ဟု အင်းတော်မြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည်နိုင်ငံတစ်ဝန်းလပေါင်းများစွာစစ်ပွဲများကြုံတွေ့နေခြင်း၊နေ့စဥ်တိုက်ပွဲများတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးနေခြင်း၊ပြည်သူ့ရင်ခွင်ခိုလှုံသော တပ်ဖွဲ့ဝင်များထောင်သောင်းချီရှိလာခြင်း၊ တစ်ဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(PDF)နှင့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ ကအင်အားပိုကောင်းလာခြင်း၊စသည်တို့ကြောင့် နယ်စပ်ဒေသမှပြည်သူစစ်အဖွဲ့များကို တိုက်ပွဲများတွင်၎င်းတို့ဘက်မှတိုက်ခိုက်စေသလို စစ်မှုထမ်းဟောင်းများကိုလည်းနေ့စားခပေး၍တိုက်ခိုက်စေသည်။သို့သော် စစ်ကောင်စီတပ် သေဆုံးမှုများပြီးတပ်သားသစ်ရရန်ခက်ခဲလာသောအခါ မဘသများ ၊တပ်ထောက်ခံသောပြည်ခိုင်ဖြိုးပါတီဝင်များကို စစ်သင်တန်းပေးပြီး ပျူစောထီးများအဖြစ် PDF များနှင့်တိုက်ခိုက်စေသည်။အခြေအနေမကောင်းသောအခါ စစ်သားများ၏ ဇနီးများ မိသားစုဝင်များကိုပါစစ်သင်တန်းမဖြစ်မနေတက်စေပြီး နောက်တန်းတွင် ကင်းစောင့်ခိုင်ခြင်းများပြုလုပ်နေသည်။ယခုအခါစစ်သားအပြင် ရဲများ၏မိန်းမနှင့်မိသားစုဝင်များကိုပါ စစ်သင်တန်းတက်ရန်ဖိအားပေးလာခြင်းဖြစ်သည်။

Public Service Announcement
ရဲများပြီးပါက မီးသတ်တပ်ဖွဲ့ဝင်များကိုပင် စစ်သင်တန်းတက်စေပြီး ရှေ့တန်းပို့နိုင်ကြောင်းလည်းပြည်သူတစ်ဦးကသူ၏အမြင်ကိုပြောသည်။ “သူတို့မှာအင်အားနည်းနေပြီမီးသတ်တွေ အလှည့်တောင်ရောက်လာနိုင်တယ်” ဟု၎င်းကပြောသည်။
