မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Generation Z Power(GZP)အဖွဲ့ ခိုလှုံအိမ်တစ်လုံးကို စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခြင်းခံခဲ့ရကြောင်း GZPက ယနေ့ (ဒီဇင်ဘာ ၁၃)ထုတ်ပြန်သည်။
မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် (၄၂) လမ်း၊ (၆၁) လမ်းနှင့် (၆၂)လမ်းကြားရှိ နေအိမ်တစ်လုံးကို ယမန်နေ့(ဒီဇင်ဘာ ၁၂)ည ၁၀နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်မှလည်း ထုတ်ပြန်ထားသည်။
အဆိုပါ စီးနင်းခံရမှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မြို့ပြပြောက်ကျားတပ်မှ နှစ်ဦးကျဆုံးပြီး သုံးဦးဖမ်းဆီးခံခဲ့ရသည်ဟု GZP ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့အပြင် လာရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်ဘက်မှ တစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်သည်ဟု GZPက ဖော်ပြသော်လည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ၎င်းတို့ဘက်မှ သေဆုံးစာရင်းအား ဖော်ပြထားရှင်း မရှိပေ။

Public Service Announcement
စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ယမန်နေ့ မန္တလေးမြို့မှ သူနာပြုဆရာမဇနီးမောင်နှံပစ်ခတ်ခံရမှုကို GZP အဖွဲ့ကလုပ်ဆောင်သည်ဟု စွပ်စွဲထားပြီး ထိုစွပ်စွဲမှုကို GZP အဖွဲ့နှင့် ၎င်းတို့၏မဟာမိတ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ငြင်းဆိုထားသည်။
GZP အဖွဲ့၏ ခိုလှုံအိမ် စီးနင်းခံရမှုကြောင့် စစ်အာဏာ ရှင်၏ထောက်တိုင်များအား သုတ်သင်လျက်ရှိသည့် တိုက်ခိုက်ရေးပစ္စည်းတချို့ သိမ်းဆည်းခံခဲ့ရသည်။


















































