အင်းစိန်ထောင်တွင်းအသံတိတ်သပိတ်တွင် ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ဆေးဝါးကုသမှုမပေးတဲ့အပြင် နောက်ဆက်တွဲ ဖိနှိပ်မှုတွေကို ဆက်တိုက်ပြုလုပ်လာနေတယ်လို့ သိရပါတယ်။
ဆန္ဒပြမှုမှာပါဝင်သူ ၈၉ ဦးကိုအပြင်းအထန်ရိုက်နှက်ပြီး တိုက်ပိတ်ထားပါတယ်။
သပိတ်မှာပါဝင်လို့ ရိုက်နှက်ခံထားရသူတွေကို ဆေးဝါးကုသခွင့် လုံးဝမပေးသလို ထောင်ဝင်စာပါဆယ်ပေးပို့တာနဲ့ မိသားစုနဲ့ ဆက်သွယ်ခွင့်လည်း ပိတ်ပင်ထားပါတယ်။
တက္ကသိုလ်ကျောင်းသား တကသအဖွဲ့ဝင်ဖြစ်သူ ကိုခန့်သူအောင်ဆို စစ်ဆေးရာမှာ ထောင်ပုံစံရပ်ခိုင်းရာမှာ မရပ်နိုင်ကြောင်း ပြောဆိုတာကြောင့် မော်တာ ပန်ကာကြိုးနဲ့ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဒါအပြင် ထောင်တွင်းသပိတ်နဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ခေါ်ထုတ်သွားကာ ထောင်အာဏာပိုင်တွေဟာ စစ်ကြောရေးမှာ စစ်ဆေးသလို ရိုက်နှက် စစ်ဆေးပြီး နိုင်ငံအရေးအကျဉ်းသားတွေကိုထားရှိရာအဆောင်ကို ပြန်မပို့ဘဲ ထောင်မကြီးကို ရွှေ့လိုက်တာတွေလည်းလုပ်နေပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်က ထောင်တွင်းရိုက်နှက်မှုကို ထောင်အာဏာပိုင်တွေကိုယ်တိုင်ဦးဆောင်ခဲ့တယ်လို့သိရပါတယ်။
ဒီလို ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးစစ်ဆေးဖို့ ICRC ကိုတိုက်တွန်းနေကြပါတယ်။
စစ်ကောင်စီကတော့ ICRC ကို ထောင်တွင်းသွားဖို့ ခွင့်မပြုသေးပါဘူး။ဒါအပြင် ထောင်တွင်းရိုက်နှက်မှုသတင်းတွေကို အမှောင်ချထားပါသေးတယ်။















































