-သရဖီရေးသားသည်။
အခုလို ဇွန်လ ၁၉ ရက် ရောက်တိုင်း ရယ်စရာတစ်ခုကို သတိရမိတတ်သေးတယ်။
ကိုယ်တိုင် အမှုရင်ဆိုင်နေရဆဲ ကာလတုန်းက ဗေဒင်က ဟောဖူးတယ်။ အဆောင်အဖြစ် “နောက်တစ်ပတ် ရုံးချိန်းထွက်ရင် ပန်းပန်ပြီး ထွက်ရလိမ့်မယ်” တဲ့။
ဒါပေမဲ့ တကယ်တမ်း ထွက်ခဲ့ရတာကတော့ ပန်းပန်ခွင့်မရှိတဲ့၊ စစ်အာဏာရှင်တွေရဲ့တင်းကျပ်လှတဲ့ဒီလိုမွေးနေ့ရက်မျိုးဖြစ်နေခဲ့တယ်။

Public Service Announcement
စိတ်ထဲမှာလည်း “တစ်မှုတောင် ရင်ဆိုင်လို့မပြီးသေးဘူး၊ နောက်တစ်မှုတော့ ထပ်မတိုးပါနဲ့တော့” လို့ပဲ မရည်ရွယ်ဘဲ ဆုတောင်းမိရတဲ့အထိပါပဲ။
ကျောင်းတော်ကြီး(ထောင်)ရဲ့အုတ်တံတိုင်းတွေနောက်ကွယ်မှာလည်း ဒီလိုနေ့မျိုးဆိုရင် လူတွေဟာ မိမိတို့ သန်ရာသန်ရာ နည်းလမ်းတွေနဲ့ အထိမ်းအမှတ်ပွဲလေးတွေ ဖန်တီးတတ်ကြပါတယ်။
ပုံမှန်ရက်တွေမှာဆိုရင်တော့ထောင်ထဲမှာပန်းအစိုရောင်းတဲ့သူတွေ ရှိတတ်ကြပေမဲ့၊ဒီနေ့လို ဇွန် ၁၉ ရက်မျိုးမှာတော့ ပန်းအစိုတွေကို လုံးဝ အဝယ်မခံ၊အရောင်းမခံ၊ အပန်မခံဘဲ ပိတ်ပင်ထားတတ်ကြတယ်။ ဒါပေမဲ့လည်း စိတ်အာရုံမှာ ပွင့်နေတဲ့ပန်းတွေကိုတော့ ဘယ်သူမှ ဆိတ်သုဉ်းအောင် မလုပ်နိုင်ကြပါဘူး။
ပန်းအစိုမရှိရင် ပန်းခြောက်ကလစ်လေးတွေ ရှာပြီး ပန်သူကပန်၊ အလေးအမြတ်ထားတဲ့ အနေနဲ့ ဝတ်စုံအပြည့်ကိုတစ်နေကုန် ဝတ်ဆင်သူက ဝတ်ဆင်ထားကြတယ်။
ခမ်းခမ်းနားနား မဟုတ်တောင်မှ ရှိတဲ့မုန့်လေးတွေကို စုပေါင်းပြီး ကိတ်မုန့်သဖွယ် ပြုလုပ်ပြီးတော့လည်း အချင်းချင်း ဝေမျှကြတယ်။
တစ်ရှုးစက္ကူစလေးတွေနဲ့ ပန်းလေးတွေလုပ်ပြီး မျှဝေကြတယ်။
ညပိုင်းဘုရားဝတ်ပြုချိန် ရောက်တဲ့အခါမှာတော့အားလုံးရဲ့နှုတ်ဖျားကနေမေတ္တာသုတ်တော်ကိုတညီတညွတ်တည်းရွတ်ဆိုရင်း ငြိမ်းချမ်းခြင်း ဆုတောင်းတွေကို ပို့သပေးခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်လက်အောက်ခံထောင်အာဏာပိုင်တွေက စိုးရိမ်တကြီးနဲ့ ကင်မရာတစ်လုံးကိုင်၊ ကင်းလှည့်ပတ်ပြီး ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာကို ဓာတ်ပုံမှတ်တမ်းတွေ လိုက်ယူနေကြတာ မြင်ကွင်းတစ်ခုပေါ့။
ဒါပေမဲ့အဲဒီတုန်းကတော့အရေးယူတာမျိုးတော့ မကြားမိခဲ့ပမဲ့ မှတ်တမ်းမှတ်ရာတွထဲမှာတာ့ မှင်နီပါနေမှာကတာ့ အသေအချာပါပဲ။
ထောင်တံတိုင်းတွေကြားထဲမှာနှစ်တွေအလီလီ ကုန်လွန်သွားပေမဲ့လည်းခံယူချက် သန်မာတဲ့သူတွေကတော့ ဘယ်လောက်ပဲ အချိန်တွေကြာပါစေ၊ ယနေ့ထက်ထိ တုန်လှုပ်ခြင်းမရှိဘဲ သန်မာနေကြဆဲပါပဲ။တစ်ပြိုင်နက်တည်းမှာပဲ တချို့ကလည်း မပြီးဆုံးနိုင်တဲ့ ဒီလိုအခြေ အနေ၊ ဒီလို အကျဉ်းအကြပ်ကာလကြီးကို ရိုးအီပြီး စိတ်ကုန်နေကြတာမျိုးလည်း ရှိပါတယ်။ ဒါဟာ လူသားဆန်တဲ့ သဘာဝတရားတွေပါပဲ။ဒါပေမယ့် ဒါဟာလူနည်းစုပါ။
သံမဏီနှင်းဆီနဲ့ သင်ကေတပြုထားတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်တွေဟာ တကယ်တော့ လူတစ်ဦးရဲ့မွေးနေ့ထက် အဓိပ္ပါယ်လေးနက်ပါတယ်။ လူထုခေါင်းဆောင်အပေါ် ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထုခေါင်းဆောင်ရဲ့ ဒီမိုကရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကိုလျှောက်လှမ်းရပေမယ့် နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြမှုတွေလည်းဖြစ်ပါတယ် ။
တနည်းအားဖြင့် ဇွန် ၁၉ မှာ နှင်းဆီတွေဟာချစ်ခြင်းမေတ္တာ ၊သတ္တိ ၊ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ၊အရှုံးမပေးခြင်းတို့ရဲ့ သတင်းစကားဖြစ်ပါတယ်။ စစ်တပ်ကအာဏာလုထားပြီး လူထုခေါင်းဆောင်ကို ထောင်သွင်းအကျဥ်းချ သတင်းအမှောင်ချထားတဲ့ ဒီကာလမှာ နှင်းဆီတွေမှာ ပိုရဲရင့်လာပါတယ်။ဒါကြောင့် စစ်တပ်က နရသိန်ထောင်ထဲမှာသာမက ထောင်အပြင်မှာပါ နှင်းဆီပန်းတွေကို အကြောက်ကြီးကြောက်နေကြပါတယ်၊
တကယ်တော့… ဒီနေ့ဒီရက်ကို၊ လူတွေရဲ့ စိတ်ကူးနဲ့ လေးစားချစ်ခင်မှုတွေကို ထိန်းချုပ်ချင်ကြတဲ့သူတွေအတွက်ကတော့ ဘယ်နေရာမှာပဲနေနေ၊ သူတို့ကတော့ နည်းမျိုးစုံနဲ့ ဆက်ပြီး ထိန်းချုပ်ကန့်သတ်နေကြဦးမှာပါပဲ။
ဒါပေမဲ့ ဘယ်လောက်ပဲ ပိတ်ပင်တားဆီးပါစေ။ရင်ထဲက ပွင့်လာတဲ့ ပန်းတွေကိုတော့ ဘယ်သောအခါမှ ဆွတ်ခူးလို့ ရနိုင်မှာမဟုတ်ပါဘူး။
အကျဉ်းထောင်ထဲကနိုင်ကျဉ်းတွေဟာ အခုချိန်ထိလည်းနိုင်ရာတာဝန်တွေကို ထမ်းရွက်နေကြဆဲပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ (ဇွန်လ ၁၉ ရက်) အမှတ်တရအဖြစ်၊ အကျဉ်းထောင် (ကျောင်းတော်ကြီး) အတွင်းတောင် ဒီနေ့ရောက်ရင် ပန်းရောင်းခွင့်မရှိ၊ ပန်းပန်ခွင့်မရတဲ့ အတွေ့အကြုံနဲ့ မြင်ကွင်းတွေကိုအမြဲအမှတ်ရနေမှာပါ။ မြန်မာပြည်သူတွေ နဲ့ မြန်မာနိုင်ငံအတွက် ချစ်ခြင်းမေတ္တာကြီးမားလှပြီး အသက် ဘဝတွေပေးအပ်ထားတဲ့ အသက် ၈၁ နှစ်အရွယ် လူထုခေါင်းဆောင်လည်း စစ်အာဏာရှင်တွေရဲ့ အချုပ်အနှောင်တွေက အမြန်လွတ်မြောက်ပြီး သူမရဲ့ ဆန္ဒတွေ အမြန်ပြည့်ဝပါစေလို့ တောင်းဆုချွေလိုက်ပါတယ် ။ တချိန်တည်းမှာ သံမဏိနှင်းဆီ လွတ်လွတ်လပ်လပ် မွှေးပျံ့စေဖို့ဟာစစ်ကျွန်မခံပဲ လွတ်မြောက်လိုသူ ၊လူပီသအောင်နေလိုသူတွေအတွက် သမိုင်းပေးတာဝန်လည်းဖြစ်ပါတယ် ။ ။


















































