နှစ်ကုန်ခါနီး ဒီဇင်ဘာလ နောက်ဆုံးရက်သတ္တပတ် ၄ ရက်အတွင်းမှာ စစ်ကောင်စီဟာ ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုထားသူအချို့ကို တက်သုတ်ရိုက်ပြီး ထောင်ဒဏ်တွေ ခပ်စိတ်စိတ်ချလာပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်ကနေ ၃၀ ရက်အထိ ထောင်ဒဏ်ချခဲ့သူဦးရေဟာ People’s Spring ရဲ့ စုံစမ်းမှုအရ ၂၉ ဦးထိရှိနေပါတယ်။
ဒီထဲမှာ အာဏာသိမ်းတဲ့နေ့ကတည်းကဖမ်းခံထားရသူတွေပါပါတယ်။ စစ်ကောင်စီဟာ တက်သုတ်ရိုက်ထောင်ချရာမှာ စစ်ဆေးစရာသက်သေတွေ ကျန်နေပေမယ့် ဆက်မစစ်တော့ဘဲ အမိန့်ချ လိုက်သလို ၊ ဝန်ခံခိုင်းပြီး အမိန့်ချတဲ့ဖြစ်ရပ်မျိုးလည်းရှိခဲ့တယ်လို့သိရပါတယ်။
၄ ရက်တာအတွင်းအမိန့်ချ ခံရတဲ့သူတွေထဲ ဝန်ကြီးချုပ် ၁ ဦးပါသလို အလွှာစုံက စစ်အာဏာရှင်ဆန့်ကျင်ရေး သမားတွေလည်းပါဝင်တာကိုတွေ့ရပါတယ်။

Public Service Announcement
စွပ်စွဲအမိန့်ချတဲ့ပုဒ်မတွေကတော့ အဂတိပုဒ်မ ၊ နိုင်ငံတော်ပုန်ကန်မှု ၊နိုင်ငံတော်ပုန်ကန်တာကိုအားပေးကူညီမှု ၊ ကိုဗစ်စည်းကမ်းချိုးဖောက်မှု ၊ ဆူပူအောင်လှုံဆော်မှု၊ နိုင်ငံမငြိမ်မသက်ဖြစ်အောင် လှုံဆော်မှု ၊ မတရားအသင်းဆက်သွယ်မှု တွေနဲ့ထောင်ချတာဖြစ်ပါတယ်။
အဲဒီပုဒ်မတွေထဲမှာ အများစုကိုထောင်ချတဲ့ပုဒ်မတွေကတော့ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံမငြိမ်မသက်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ၊ ကိုဗစ်စည်းကမ်းချိုးဖောက်မှု သဘာဝဘေးအန္တရာယ်စီမံခန်ခွဲမှုဥပဒေပုဒ်မ ၂၅ တွေပဲဖြစ်တာကိုတွေ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၀ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူဟာ ၈၃၃၁ ဦးရှိပြီး အဲဒီအထဲက ၄၈၇ဦးဟာ ထောင်ဒဏ်တွေချမှတ်ခံထားရပါတယ်။


















































