ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ၎င်းတို့နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကို တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၈ရက်က စစ်ကောင်စီ၏ သစ်တပင်ကုန်း စခန်းအား KNLA တပ်ဖွဲ့ဝင်များက ဝင်တိုက်ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
မွန်းလွဲ ၃နာရီခန့်တွင် စစ်ကောင်စီတပ် ခမရ(၄၃၄)က ဖာပွန်ခရိုင် ထူမောဒဲဒေသသို့ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်၍ အသက် ၇၅နှစ် နှင့်အသက် ၅၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ညနေပိုင်းတွင် စစ်ကောင်စီ၏ ညာတခိုကျိုး တပ်စခန်းအား ဝင်တိုက်ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၉ရက်နှင့် ၂၀ရက်များတွင်လည်း ဖာပွန်နှင့် ကမမောင်း ကားလမ်းမပေါ်၌ စစ်ကောင်စီတပ်ကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကားနှစ်စီး ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
အဆိုပါလမ်း၏ ၁၈မိုင်နှင့် ၁၉မိုင်ကြားတွင် ဇန်နဝါရီ ၁၉ရက်က စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ၏ ကားတစ်စီး ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အား မသိရသေးကြောင်း၊ ဇန်နဝါရီ ၂၀ရက်တွင် ဖာပွန်နှင့် ကမမောင်းလမ်း ၂၁မိုင် နေရာတွင် စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်ကလည်း ဖာပွန်- ကမမောင်း ကားလမ်းမတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။
KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားခဲ့ပြီး ယခုလအတွင်း တိုက်ပွဲ ၁၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။


















































