အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ကမတရားဖမ်းဆီသေဒဏ်ချနေတာဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD အမတ်ဟောင်း ဦးဇေယျာသော်တို့အပါအဝင် ၈၄ ဦးထိရှိလာပါပြီ။
ဒါဟာ အာဏာသိမ်းထားတဲ့ ၁၁ လအတွင်း တစ်လကို ပျမ်းမျှ လူ ၇ ဦး နှုန်းရှိပါတယ်။
သေဒဏ်ကို စစ်ခုံရုံးက အမိန့်ချနေတာဖြစ်ပြီး အမိန့်ချခံရသူတွေဟာ စစ်အုပ်ချုပ်ရေးနယ်မြေလို့ကြေညာထားတဲ့ မြို့နယ်တွေမှာ ဖမ်းခံရသူတွေဖြစ်ပါတယ်။
သေဒဏ်ချခံရသူ ၈၄ ဦး အနက် အခုချိန်အထိဖမ်းမမိသေးဘဲ မျက်ကွယ်မှာ သေဒဏ်ချခံထားရသူကတော့ ၃၉ ဦးထိပါဝင်နေပါတယ်။
သေဒဏ်ချခံရသူတွေဟာ စစ်အုပ်ချုပ်ရေးနယ်မြေတွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံနဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာဖမ်းခံရသူတွေပါ။
ဒီ ၆ မြို့နယ်မှာ ဖမ်းဆီးတရားစွဲခံရသူတွေရဲ့အမှုတွေကို အရပ်ဖက်တရားရုံးတွေက မကိုင်တွယ်ဘဲ စစ်ခုံရုံးက စီမံဆုံးဖြတ်နေတာဖြစ်ပါတယ်။
❖ စစ်ခုံရုံးမှာ အမှု ဘယ်လိုစီရင်လဲ
စစ်ခုံရုံးဟာ အမှုတွေကို အကျဉ်းနည်းနဲ့ စစ်ဆေး ဆုံးဖြတ်တာပါ။ အခုလက်ရှိမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အရာရှိတွေက အမှုတွေကို စစ်ဆေးဆုံးဖြတ်အမိန့်ချနေတာဖြစ်ပါတယ်။
စစ်ခုံရုံးမှာ အမှုရင်ဆိုင်ရသူတွေဟာ ရှေ့နေဌားခွင့်မရသလို စွပ်စွဲချက်တွေကို ပြန်လည်ချေပ ခုခံပိုင်ခွင့်လည်းမရကြဘူးလို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပြပါတယ်။
စစ်ခုံရုံးမှာ အမှုတစ်မှုကို တစ်လအကြာဆုံး စစ်ဆေးလေ့ရှိပါတယ်။
စစ်ခုံရုံးမှာ မေးခွန်းထုတ်ရင် ပြစ်ဒဏ်ဟာ ချက်ချင်း ၂ ဆလောက် ဖြစ်သွားပြီး များသောအားဖြင့် အမိန့်ချတဲ့စာရွက်ဖတ်ပြတာကို နားထောင်ရတဲ့အခြေအနေဖြစ်တယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးနယ်မြေကြေညာထားတဲ့ ဒေသတွေမှာ စစ်ခုံရုံးဟာ နိုင်ငံတော်ပုန်ကန်မှု၊ အစိုးရ အကြည်ညို ပျက်စေမှု၊ မတရားအသင်းဆက်သွယ်၊ လူသတ်မှု၊ မီးရှို့မှု၊ သတင်းစာဆရာတွေကို ဖမ်းဆီးတဲ့အမှုတွေ အပါအဝင် ပြစ်မှုပေါင်း ၁၆ မျိုးကို ကိုင်တွယ် ဆုံးဖြတ်နိုင်ပါတယ်။
စစ်ကောင်စီလက်ထက်မှာတော့ ဆန့်ကျင်သူတွေကို အကြမ်းဖက်ဥပဒေနဲ့ ပုဒ်မတပ်ပြီး စွဲတဲ့အမှုတွေကိုပါ ကိုင်တွယ်အမိန့်ချနေတာတွေ့ရပါတယ်။
ဒီလို အမှုတွေကို သက်ဆိုင်ရာဥပဒေတွေမှာ ဘယ်လိုပင်ပြစ်ဒဏ်ပြဌာန်းထားပါစေ စစ်ခုံရုံးဟာ သေဒဏ်၊ နှစ်အကန့်အသတ်မရှိထောင်ဒဏ်၊ ၃ နှစ် အောက်မလျော့တဲ့ထောင်ဒဏ် ဆိုတဲ့ ပြစ်ဒဏ် ၃ မျိုးပဲ ချနိုင်တယ်လို့သိရပါတယ်။
ဒီလို ချလိုက်တဲ့ အမိန့်တွေဟာ လည်းအပြီးအပြတ်လို့ဆိုထားပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို အဲဒီဒေသ က စစ်တိုင်းမှူးက ကိုင်တွယ်တာပါ။
ဒါကြောင့် လက်ရှိမှာ သေဒဏ်တွေချနေတဲ့ ရန်ကုန်တိုင်းက စစ်ခုံရုံးတွေကို စစ်ကောင်စီတိုင်းမှူး ဗိုလ်မှူးချုပ် ညွှန့်ဝင်းဆွေ က ချုပ်ကိုင်နေတာဖြစ်ပါတယ်။
❖ စစ်ခုံရုံးရဲ့ သေဒဏ်
မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်ချပြီး စီရင်တာဟာ ၁၉၈၈ ခုနှစ် မတ်လအတွင်းက မန္တလေးထောင်မှာ နောက်ဆုံးဖြစ်တယ်လို့အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။
အဲဒီနောက် စစ်အစိုးရ လက်ထက်မှာလည်း သေဒဏ်ချတာတွေရှိပေမယ့် စီရင်ခဲ့တာမျိုးမရှိပါဘူး။
ပုံမှန်အားဖြင့် အရပ်ဘက် တရားရုံးတွေမှာ သေဒဏ်ကိုခရိုင်အဆင့် တရားရုံးတွေကသာ အမိန့်ချနိုင်တာပါ။ ခရိုင်တရားရုံးက အမိန့်ချလိုက်ရင် ဒီအမိန့်ကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် တရားလွှတ်တော်ရုံးတွေမှာ အယူခံတင်နိုင်ပါတယ်။
တရားရုံးအဆင့်ဆင့်က ပယ်ချခံရရင် နောက်ဆုံးမှာ သမ္မတဆီ အသနားခံစာတင်နိုင်ပြီး သမ္မတက ပယ်ချမှသာ သေဒဏ်ကိုအတည်ပြုရသာဖြစ်ပါတယ်။
သေဒဏ် ချထားတဲ့သူတစ်ဦးကို စီရင်ဖို့ဟာ ကာလအားဖြင့် အနည်းဆုံး ၅ နှစ်လောက်ကြာမြင့်တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။
ဒါဟာ အရပ်ဘက်တရားရုံးတွေက ဆုံးဖြတ်တဲ့ သေဒဏ်အမှုတွေအတွက် လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။
စစ်ခုံရုံးက ချတဲ့သေဒဏ်တွေကိုတော့ လက်ရှိ စစ်ကောင်စီဥက္ကဋ္ဌ ဆီကိုသာ ၁၅ ရက်အတွင်း အယူခံတင်နိုင်တာပါ။
ဒါ့အပြင်စစ်ခုံရုံးက ချတဲ့သေဒဏ်ကို စီရင်မယ်ဆိုရင်လည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ အတည်ပြုချက်လိုတယ်လို့ သိရပါတယ်။
သေဒဏ်ကနေ လွတ်ဖို့ အယူခံတင်ရာမှာလည်း ရှေ့နေတွေကတဆင့်မဟုတ်ဘဲ အကျဉ်းဦးစီးက တင်ပြရတာဖြစ်ပါတယ်။
❖ စစ်ကောင်စီရဲ့ သေဒဏ်အပေါ် တုံ့ပြန်မှု
စစ်ကောင်စီဟာ သေဒဏ်အမိန့်ချရာမှာ ဖမ်းမိထားသူတွေရော၊ မမိသေးတဲ့သူတွေပါပါတယ်။ သေဒဏ်ကို စစ်ကောင်စီဟာ အလုံးအရင်းနဲ့ချနေတာမျိုး ဖြစ်နေတာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတင် လူ ၂၁ ဦးကို သေဒဏ်ချလိုက်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် သတင်းစာ ထုတ်ပြန်ထားတာရှိပါတယ်။
သူတို့ကိုတောင်ဒဂုံက အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးကို သေနတ်နဲ့ပစ်ခတ်တာ၊ ဒလန်လို့ စွပ်စွဲခံရတဲ့အမျိုးသမီးကို သတ်ဖြတ်တာဆိုတဲ့စွပ်စွဲချက်တွေနဲ့ သေဒဏ်ချလိုက်တာပါ။
နိုင်ငံရေးအကျဉ်းသားတွေအမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးကတော့ စစ်ခုံရုံးဟာ အမှုတွေကို အမြင့်ဆုံးပြစ်ဒဏ်တွေပဲချနေသလို စွဲဆိုလာသမျှလူတွေကိုလည်း မလွတ်တမ်းအမိန့်ချနေတယ်လို့ ပြောပါတယ်။
သေဒဏ်အမိန့်ချရာမှာလည်း သေဒဏ်မထိုက်တဲ့ အမှုတွေပါနေတယ်လို့ ဝေဖန်တာတွေ လည်းရှိနေပါတယ်။
အမေရိကန် နယူးယော့ခ်မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့ ရဲ့အာရှသုတေသီ ရှေးနာဘောက်ချ်နာက “နိုင်ငံတကာဥပဒေအရ အဆိုးရွားဆုံးပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ပိတ်ဆို့အရေးယူခံထားရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့ ညွှန်ကြားမှုအောက်မှာ ဒီစစ်ခုံရုံးအတုတွေက တရားမမျှတတဲ့၊ အယူခံဝင်လို့မရတဲ့ သေဒဏ်တွေ ပေးနေတာ” လို့ပြောထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဘက်အတွင်းရေးမှုး ကိုဘိုကြည်ကလည်း စစ်အုပ်စုဟာ နိုင်ငံ့အာဏာကို လုယူထားတဲ့အဖွဲ့ဖြစ်လို့ သူတို့ ချတဲ့အမိန့်တွေဟာတရားမဝင်ဘူးလို့ပြောပါတယ်။
ဒါ့အပြင် သေဒဏ်ပေးနေတာတွေဟာ နိုင်ငံသားတွေကိုကြောက်ရွံ့စိတ် ဖြစ်လာအောင်နဲ့ သူတို့ကိုထောက်ခံလာအောင် ကြိုးစားနေတာလို့ ကိုဘိုကြည်က သုံးသပ်ပါတယ်။
“အခုသေဒဏ် တွေချမှတ်နေတယ်ဆိုတာ ပြည်သူတွေ သူတို့ကို မတော်လှန်ရဲအောင် အကြောက်တရားဝန်းကျင်တစ်ခု ကိုဖန်တီးနေတာပါ ” လို့ ကိုဘိုကြည်က ပြောပါသေးတယ်။