အမျိုးဘာသာသာသနာစောင့်ရှောက်မည်ဟု ကြွေးကြော်ထားသည့် အကြမ်းဖက်စစ်ကောင်စီက မန္တလေးမြို့မှ ကျောင်းတိုက်တစ်တိုက်အား ချိတ်ပိတ်ပြီး သံဃာသုံးပါးအား ကျောင်းတိုက်မှနှင်ချသည့်လုပ်ရပ်မှာ အဆုံးစွန်ထိ အာဏာရူးခြင်းဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က မိန့်ကြားသည်။
သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါး သီတင်း သုံးနေထိုင်ခဲ့ရာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက်၊ တေဇာလင်္ကာ ရကျောင်းကို စစ်ကောင်စီက ချိတ်ပိတ်ကာ ကျောင်းရှိသံဃာတော်များအား နှင်ချခဲ့ခြင်းအပေါ် အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
“အမျိုးဘာသာ ကာကွယ်စောင့်ရှောက်မယ် ဆိုတာက သူတို့(စစ်ကောင်စီ)အာဏာတည်မြဲရေးအတွက် လူကြားကောင်းအောင် အသုံးချတဲ့သဘောပါ။ မဘသဘုန်းကြီးတွေဆိုတာကလည်း အသုံးချခံ အရိုးကိုက်အဆင့်ပါပဲ”ဟု သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်တစ်ပါးက လူထုနွေဦးသို့ မိန့်သည်။
မဘသအဖွဲ့ဝင်ဘုန်းတော်ကြီးအချို့ပါဝင်သည့် စစ်ကောင်စီတပ်နှင့်အဖွဲ့များသည် ဖေဖော်ဝါရီ ၄ ရက်နေ့ညနေပိုင်းတွင် စစ်ကားသုံးစီးဖြင့်လာရောက်ကာ တေဇာလက်ာရကျောင်းတိုက်အား ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တစ်နေ့(ဖေဖော် ဝါရီ ၅)တွင် ကျောင်းတိုက်အားချိတ်ပိတ်၍ ကျောင်းရှိသံဃာသုံးပါးကို နှင်ချခဲ့သည်ဟု အထက်ပါဆရာတော်က မိန့်သည်။

Public Service Announcement
စစ်ကောင်စီတပ်နှင့် မဘသဘုန်းကြီးများ ကျောင်းတိုက်သို့ဝင်ရောက်စီးနင်းစဥ် သံဃသမဂ္ဂအဖွဲ့ဝင် ကျောင်းထိုင်ဆရာတော်မှာ ယခင်ကတည်းက ရှောင်တိမ်းနေခဲ့ခြင်းဖြစ်၍ ဖမ်းဆီးမခံခဲ့ရသော်လည်း ကျောင်းတိုက်ပိုင် ကား၊ ပစည်းအချို့နှင့် ငွေ ၁၅သိန်းခန့်ကို သိမ်းယူသွားကြောင်း သံဃသမဂ္ဂ(မန္တလေး) ထံမှ သိရသည်။
“မဘသဘုန်းကြီးတွေဆိုတာ တစ်ချိန်လုံး ပြည်သူကို ကန့်လန့်တိုက်နေတဲ့အဖွဲ့ပါ။ လက်ရှိအခြေနေနဲ့ဆိုရင် တောကြောင်တွေ လက်ခမောင်း ခတ်သလိုပါပဲ။ အသာစီးရနေတဲ့အခြေနေမှာ ပိုပြီးတော့ ရမ်းကားကြတဲ့သဘောပါပဲ။ မဘသဆိုတာလည်း စကစလို ပြည်သူရဲ့ရန်သူပါပဲ”ဟု သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်က မိန့်ကြားသည်။
မန္တလေးတိုင်းတွင် စစ်ကောင်စီ၏ ပထမဆုံးအကြိမ်ချိတ်ပတ်ခြင်းခံရသည့် တေဇာလက်ာရကျောင်းတိုက်အား ပြီးခဲ့သည့်နှစ် စက်တက်ဘာလနှောင်းပိုင်းကလည်း စစ်ကောင်စီတပ်၏ ဝင်ရောက်ရှာဖွေသောင်းကျန်းခြင်း ခံခဲ့ရဖူးသည်။


















































