စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခြင်းသည် စစ်ကောင်စီထောက်တိုင် Non CDM ဝန်ထမ်းများအား သတိပေးလိုက်ခြင်းဖြစ်ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ်(Myaung Revolution Army- MRA)က ထုတ်ပြန်သည်။
ယမန်နေ့(မတ်လ ၂၁ရက်) ည ၇နာရီ၁၅မိနစ်ခန့်က မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို စစ်ကိုင်းခရိုင်၊ တပ်ရင်း(၁) အရန်တပ်ခွဲ (၁) နှင့် မြောင်မြို့နယ် တော်လှန်ရေးတပ် နှင့် Zarmani Revolution Force ပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်ညီနောင်သုံးဖွဲ့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တိုက်ခိုက်မှုပြုလုပ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအတွင်း ထိခိုက်သေဆုံးပျက်စီးမှုရှိသည်ကို သိရှိရသော်လည်း တိုက်ခိုက်ပြီးသည်နှင့် ပြန်လည်ထွက်ခွာလာခဲ့သောကြောင့် စကစသေဆုံးစာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း MRA က ထုတ်ပြန်သည်။

“စစ်ကောင်စီ ယန္တရား ပုံမှန် လည်ပတ်နိူင်စေရန် လုပ် ဆောင်နေကြသော မြောင်မြို့နယ် အတွင်းရှိ
စစ်ကောင်စီ ထောက်တိုင် Non-CDM ဝန်ထမ်းများအား သတိပေးလိုက်တာပါ”ဟု MRA တာဝန်ရှိသူကပြော သည်။
မြောင်မြို့နယ်တော်လှန်ရေးတပ်သည် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီဖြစ်ပြီး ပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို သတိကြီးကြီးထား၍ ဂရုတစိုက်ရှောင်ရှားသွားလာကြရန် MRAက သတိပေးသည်။

Public Service Announcement


















































