စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် သုံးရက်တာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်၍ ပြည်သူများ ခရီးသွားခြင်း၊ စစ်တပ်နှင့်အနီးကပ်နေခြင်းများ မပြုလုပ်ကြရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေးသည်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့အနေဖြင့် လာမည့်မတ်လ ၂၆ရက်မှ ၂၈ရက်အထိ သုံးရက်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီစခန်းများနှင့် အနီးတဝိုက်နေရာများတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နိုင်ပါသောကြောင့် ပြည်သူများအနေဖြင့် ခရီးသွားခြင်း၊ စစ်တပ်စခန်းများနှင့် စစ်သားများအနီးတွင် သွားရောက်ခြင်းများ မပြုလုပ်ကြပါရန် လေးစားစွာတောင်းဆိုကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

အကယ်၍ အကြမ်းဖက်စစ်ကောင်စီတပ်များအနီးတွင် ရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော် မိမိတို့တော်လှန် ရေးတပ်ဖွဲ့အနေဖြင့် ဝမ်းနည်းရုံမှအပ တာဝန်ခံမှုရှိနိုင်မည်မဟုတ်ပါကြောင်း အမိမြေ-တော်လှန်ရေး တပ်ဖွဲ့က အသိပေးသည်။
“အကယ်၍စစ်ရေး လှုပ်ရှားမှုပြုလုပ်တဲ့အချိန်မှာ ပြည်သူတွေထိခိုက်မှာစိုးရိမ်သဖြင့် ထုတ်ပြန်ချက်များအတိုင်း လိုက်နာပေးကြဖို့နဲ့ စစ်အကြမ်းဖက်အုပ်စုဟာရက်စက်ယုတ်မာတဲ့သူတွေဖြစ်တာမို့ အထူးဂရုပြုကြဖို့ ပြောကြားလိုပါတယ်ခင်ဗျာ”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် ချင်းတွင်းမြစ်အနောက်ခြမ်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဒေသတွင်းအဖွဲ့များနှင့်အတူ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။


















































