▪️တိုက်ပွဲပြင်းထန်၍ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးရှိဟု ဒေသခံပြော
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရန် ကရင်အမျိုးသားအစည်း အရုံး(KNU)က ယမန်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူရယူတုံ့ပြန်နေရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
“ကော့ကရိတ်တောင်ပိုင်းမှာ ရှိတဲ့ ကျိတ်စခန်းကို စစ်တပ်စခန်းကို မနေ့ညက KNUဘက်က ဝင်စီးတယ်လို့ ကြားတယ်။ ဒါပေမဲ့ တစ်ဖက်က မနေ့ကလည်း လေယာဉ်လာကူတယ် ဒီနေ့လည်း လေယာဉ်လာကူတယ် ပစ်ကြတယ်။ လေယာဉ်က ၂စီး တော်တော်လေးပစ်ကြတယ်။ ဆိုတော့ စခန်းကျတဲ့အထိတော့ မရှိသေးဘူး နှစ်ဖက်စစ်တပ်က အပြန်အလှန် ပစ်ခတ်မှုတွေများပြားတဲ့အခါကျတော့ ထိခိုက်နစ်နာမှုတွေ နှစ်ဖက်စလုံးရှိတာပေါ့”ဟု ဒေသခံက ပြောသည်။
ကရင်သတင်းဌာန KIC၏ ဖော်ပြချက်တွင် ကျိတ်ကျေးရွာအနီးရှိ ခိုလာဖေတောင် စစ်ကောင်စီစစ်စခန်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဧပြီ ၃ရက်မှ စ၍ တက်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယနေ့ (ဧပြီ ၄ရက်)အထိ တိုက်ပွဲများ ဆက်ရှိနေသကဲ့သို့ စစ်ကောင်စီတပ်က နှစ်ရက် ဆက် လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။

Public Service Announcement

ယခုတိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျိတ်ကျေးရွာတွင် ယခင်က စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တို့ စခန်းချနေထိုင်ခဲ့သော်လည်း ၂၀၂၁ ဩဂုတ်က အဆိုပါစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာသွား၍ KNU တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းပြီး အဆောက်အဦအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
နောက်ပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဝင်လာပြီး ကျိတ်စခန်း၌ တပ်စွဲရန် စီစဉ်ခဲ့သော်လည်း ဒေသခံများက လက်မခံ၍ ခိုလာဖေတောင်စခန်း၌ အခြေချနေထိုင်ခဲ့ခြင်းဖြစ်သည်ဟု KICက ဖော်ပြသည်။
ယခု တိုက်ပွဲများပြန်လည်ဖြစ်ပွား၍ ကျိတ်ရွာဒေသခံများ စစ်ဘေးရှောင်နေရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးဟု ကော့ကရိတ်ဒေသခံ ကပြောသည်။
တိုက်ပွဲများပြင်းထန်နေသည့် ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းကို မတ်လ ၂၇ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုရန် KNUက ကြေညာထားသော်လည်း သွားလာမှုများ ရှိနေသည်။ အဆိုပါလမ်းပိုင်း ဖြတ်သန်းသွားလာသည့် ယာဉ်အချို့ မီးလောင်ပျက်စီးမှုများ လည်း ဖြစ်ပေါ်လျက်ရှိသည်။
“လူထုတွေကို ပြောချင်တာက အခု ပဋိပက္ခကြားမှာ စစ်ကောင်စီဘက်ကလည်း သွားလာနိုင်ဖို့ သူတို့ကြိုးစားနေတယ်။ တစ်ဖက်က KNU ဘက်က ဒါက လူထုအကျိုးမဟုတ်ဘဲ တစ်ဖက်က စစ်ကောင်စီ အကျိုးဖြစ်နေတဲ့အနေအထားတစ်ခုမှာ တစ်ဖက်ကလည်း သွားလာမှုတွေကို ရပ်တန့်စေချင်တယ်။ ရပ်တန့်ခိုင်းထားတယ်။ စစ်တပ်ဘက်က လူထုအယောင်ဆောင်ပြီး အရပ်ကားတွေဟန်ဆောင်ပြီး သွားလာနေတာများတော့ KNU အနေနဲ့ ဒါကို မဖြစ်မနေ သူတို့ တားဆီးမှာပဲ။ဖြစ်နိုင်မယ်ဆိုရင် ဒီလမ်းကိုတော့ ခေတ္တ အသုံးမပြုတော့ဘဲ ရပ်ဆိုင်းထားရင်တော့ ပိုကောင်းလိမ့်မယ်”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။
ဓာတ်ပုံ – KIC


















































