ကလေးမြို့တောင်ပိုင်းတိုက်ပွဲတွင် နှစ်ရက်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း ကလေးမြို့ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF-ကလေး) က ယနေ့ သတင်းထုတ်ပြန်သည်။
ယမန့်နေ့(ဧပြီ ၁၀ ရက်)တွင်စစ်ကောင်စီတပ်မှ ၂ ဦးနှင့် ယနေ့(ဧပြီ ၁၁ရက်)တွင် ပဒေသာမိုင်းခွဲတိုက်ခိုက်မူများကြောင့် အယောက် ၃၃ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု PDF(ကလေး)ကထုတ်ပြန်ချက်တွင်ဖော်ပြထာသည်။

ယမန့်နေ့ညနေ ၄နာရီ တွင် ရန်ကြီးအောင်ရွာမှ ချောင်းခွရွာနှင့်နတ်ချောင်းရွာများကို ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် ရိက္ခာသည်တင်ကားနှင့် စစ်ကားအစီး ၂၀ခန့်ကို ပန်းမွန်ချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုမိုင်းဆွဲတိုက်ခိုက်မူအပြီးတွင် ညနေ ၆နာရီအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။
တိုက်ပွဲတွင် CNDFရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်။ PDF(ကလေး)နှင့်အတူ CNDFနှင့် CDF(KKG)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ထို့အပြင် ယနေ့တွင် နတ်ချောင်းရွာအနီ၌ မနက် ၆နာရီမှ ညနေ ၃နာရီအထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များတို့ တိုက်ပွဲပြင်းထန်စွာခပ်မံဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ဦးသေဆုံးခဲ့ပြီး CNDFဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုအသိပေးထားသည်။ ထိုတိုက်ပွဲကို PDF(ကလေး)၊ CNDF၊ CDF(KKG)နှင့် ပ.က.ဖ(ကလေး)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူကလေးမြို့မှ နည်းပညာတက္ကသိုလ်(ကလေး)ကို ဦးတည်ပြီး စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ခန့်ကို ဇင်းကလင်းရွာအနီးတွင် PDF(ကလေး)က ယနေ့ မနက် ၁၀နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲံသည်။ ထိုတိုက်ခိုက်မူတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့သည်ဟုထုတ်ပြန်သည်။
ထို့အပြင်ယနေ့ ညနေ ၃နာရီခန့်တွင် နတ်မြောင်းရွာမှ စည်သာရွာဘက်ကို ခြေလျင်ဖြင့် စစ်ကြောင်းဖြန့်ခွဲတက်လာစဉ် PDF(ကလေး)က မိုင်း ၂၄ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးခဲ့သည်ဟုဖော်ပြထားသည်။
ထိုအပြင်သာစည်ရွာနှင့်ကြာအင်းရွာကြားတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်များကို မိုင်း ၂၉ လုံးဖြင့်ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့သည်။ ထိုနောက် ချင်းဆိုင်ရွာနှင့် ဇင်ကလင်းရွာနားတွင်အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်း ၁၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြန်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးထပ်မံသေဆုံးခဲ့သည်ဟုပါရှိသည်။
ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီသည် နတ်ချောင်းရွာတွင် စာသင်ကျောင်းတစ်ခုအပါအဝင် နေအိမ် ၈၅လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု PDF(ကလေး)ကထုတ်ပြန်သည်။
ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)ကလည်းတိုက်ပွဲသတင်းများကိုထုတ်ပြန်ရာဧပြီ ၁၀ ရက်ညနေက ချောင်းခွရွာနှင့် နတ်ချောင်းရွာအကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ယောက်ထက်မနည်းသေဆုံးနိုင်ပြီး၊ ဧပြီ ၁၁ ရက်နံနက် နတ်ချောင်းရွာတိုက်ပွဲတွင်စစ်ကောင်စီတပ် ၁၅ယောက်ထက်မနည်းသေကြောင်းဖော်ပြထားသည်။
ဧပြီ ၁၀ ရက်ညနေ(၄)နာရီတွင် စစ်ကောင်စီတပ်များ ချောင်းခွရွာထဲသို့ရောက်ရှိလာပြီး နေအိမ်များဖောက်ထွင်း၍ ပစ္စည်းများခိုးယူခြင်း ၊ နတ်ချောင်းရွာတွင်း နေအိမ်များနှင့် စျေးတန်းကို မီးရှို့ဖျက်စီးနေစဉ်တွင် CNDF နှင့် CDF-KKG တပ်ရင်း-၃တို့က ချောင်းခွရွာနှင့် နတ်ချောင်းရွာအကြားတွင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ခန့်မှန်းရပြီး အများအပြားဒဏ်ရာရရှိသည်ဟု CNO ကထုတ်ပြန်သည်။

ယနေ့ မနက်တွင် နတ်ချောင်းရွာတွင်း၌ ရောက်ရှိနေသော စစ်ကောင်စီတပ်အင်အား (၁၀၀)ဝန်းကျင်ခန့်ကို CNDF ၊ CNF-KKG ၊ ပ.က.ဖ နှင့် Kalay PDF ပူးပေါင်းတပ်ဖွဲ့က နတ်ချောင်းစျေးတန်းရှေ့နှင့် ပညာဗိမာန်လမ်းကြား၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးထက် မနည်း မြေသြဇာကျွေးနိုင်ခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသည်ဟုအသိ့ပေးထားသည်။
နတ်ချောင်းရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်(၂)ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရပြီး တစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ်ပြင်းထန်သည်ဟုချင်းအမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်သည်။


















































