Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ် လွှမ်းမိုးခြယ်လှယ်နေသည့် ၂၀၀၈ဖွဲ့စည်းပုံကို ပြန်သွားရန် လုံးဝမရှိဟု NUG ထပ်လောင်းကတိပြု

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) သည် သမိုင်း၌တစ်ကြိမ်မျှမရှိဖူးသည့် နိုင်ငံရေး စုဖွဲ့မှု ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်သွားရန်မရှိဟု ထပ် လောင်း အသိပေးလိုက်သည်။

▪️ပြည်သူ့ညီလာခံ အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီချာတာအရရှေ့ဆက်မည်ဖြစ်၍ အာဏာရှင်ကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့မဆို ပူးပေါင်းပါဝင်နိုင်

▪️မကြာမီကာလတွင်း လွတ်မြောက်နယ်မြေများ ဖန်တီးနိုင်တော့မည်ဟုဆို

NUG ဖွဲ့စည်းမှု တစ်နှစ်ပြည့်နေ့တွင် ယာယီသမ္မတက နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားရာ အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“NUCCဟာဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ CDMအဖွဲ့အစည်းများနဲ့ နိုင်ငံရေးကိုယ်စားပြု ကိုယ်စား လှယ်များ စုံစုံလင်လင်ပါဝင်တဲ့မြန်မာ့သမိုင်းမှာ တစ်ကြိမ်တခါမျှ မရှိဖူးတဲ့ နိုင်ငံရေး ဖြစ်စဥ်တရပ်ဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့အနေနဲ့ စစ်တပ်က လွှမ်းမိုးခြယ်လှယ်ပြီး ဒီမိုကရေစီမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်သွားဖို့လုံးဝမရှိပါဘူး။

Public Service Announcement

Public Service Announcement

ပြည်သူ့ညီလာခံက အတည် ပြုလိုက်တဲ့ ဖက်ဒရယ်ဒီမိုရေစီ ချာတာအရ ကျနော်တို့ ရှေ့ဆက်မယ့် အနာဂတ်ခရီးရှိနေပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ ဘယ်အင်အားစုမဆို အဲ့ဒီတရားဝင် ပဋိညာဉ်အောက်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်လို့ရပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

NUGဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်များသည် နိုင်ငံ၏ နေရာတော်တော်များ (အထူးသဖြင့်ကျေးလက်ဒေသများ)ကို ထိန်းချုပ်ထားပြီ ဖြစ်သည်ဟု ၎င်းကဆိုသည်။

“မြို့ပြတချို့ကိုလည်း ဝိုင်းပတ် စိုးမိုးထားပြီဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ တိုင်းရင်း သားလက်နက်ကိုင်များဟာ နယ်မြေတော်တော် များများမှာ လှုပ်ရှားထိန်းချုပ်လာနိုင်တာ၊ စစ်ကောင်စီတွေနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲတိုင်း ရဲစွမ်းသတ္တိအပြည့်နဲ့ ဆင်နွှဲနိုင်ကြတာဟာ ဒေသခံပြည်သူတွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့ ထောက်ပံ့ပေးမှု ကြောင့်ဘဲ ဖြစ်ပါတယ်။ များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေအဖြစ်ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

မိစ္ဆာစစ်ကောင်စီများနှင့် ရင်ဆိုင်ရသည့် တိုက်ပွဲတိုင်း ပြည်သူလူထုဘက်က အနိုင်ရနေသကဲ့သို့ အဆုံးသတ်စစ်ပွဲ၌လည်း ပြည်သူကသာအနိုင်ရမည်ဟု လုံး၀ ယုံကြည်ကြောင်း ပြောကြားသည်။
“NUG အစိုးရဟာ မိမိတို့ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကြားကာလအုပ်ချုပ်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ယန္တယားများကို ဒေသခံများရဲ့ ကူညီထောက်ပံ့မှုနဲ့ မဟာမိတ်များရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ယာယီသမ္မတက “ကျွန်တော်တို့ရဲ့ ပြည်သူ့ရင်ခွင်အစီအစဥ်ကနေ တပ်ရင်းမှူးနဲ့ အရာရှိအရာခံများအပါအဝင် စစ်ကောင်စီရဲ့လုံခြုံရေး တပ်ဖွဲ့ဝင်များစွာကိုလည်း ကြိုဆိုနေပြီ ဖြစ်ပါတယ်။ များမကြာမီက ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ်ကို ဝင်ရောက်လာတဲ့ဦးရေ တိုးပွါးလာသလို၊ ဩစတေးလျကဲ့သို့သော နိုင်ငံတကာအနေနဲ့လည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ပြည်သူ့စစ်သားတွေကို ပြန်လည်နေရာချထားရေးအတွက် ပူးပေါင်းဆောင်ရွက်ကူညီပေးနေပြီဖြစ်ပါတယ်”ဟု အသိပေးသည်။

ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ထောက်ခံပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။

“ပြည်သူ့ရင်ခွင် အစီအစဥ်ဟာ စစ်ကောင်စီကို အင်အားချိနဲ့ စေသလို စစ်ကောင်စီရဲ့ လက်ပါးစေတွေရဲ့ စိတ်ဓာတ်အင်အားကိုလည်း ပျက်စီးစေပါတယ်။ စစ်ကောင်စီကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သား တွေကို ငွေကြေးအရရော၊ နိုင်ငံရေးခိုလှုံခွင့်ပေးခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ကူညီ ဆောင်ရွက်ပေးလို့ရပါတယ်။ ပြည်သူ့ရင်ခွင်အစီအစဥ်ဟာ သွေးမြေအများကြီးကျစရာမလိုဘဲ စစ်အာဏာရှင်ကို ပြုတ်ကျစေနိုင်တဲ့ အကောင်းဆုံးနည်းဗျူဟာ တစ်ခုဖြစ်ပါတယ်” ဟု သမ္မတ ဒူဝါလရှီးလက ပြောသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အသက်ရှင်နေထိုင်ရန် အခွင့်အရေးရှိပြီး မိမိကိုယ်ကိုခုခံပိုင်ခွင့်လည်းရှိကြောင်း၊ဒီမိုကရေစီအခွင့်အရေးများလည်းရှိကြောင်း၊ အစိုးရတရပ်အနေဖြင့် သော်လည်းကောင်း၊ ကမ္ဘာတဝှမ်းရှိ နေသူများအနေဖြင့်သော်လည်းကောင်း မြန်မာပြည်သူများ ၏ အခွင့်အရေးကိုကူညီကာကွယ်ရန် အားလုံး၌ တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

“လွန်ခဲ့တဲ့တစ်နှစ်က နိုင်ငံတကာပညာရှင်တွေက မြန်မာစစ်တပ်ကို တော်လှန်ရေးအင်အားစုအနေနဲ့ အနိုင်ယူဖို့မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။ ယခုဆိုရင်တော့ စစ်တပ်ဟာ တော်လှန်ရေးအင်အားစုကို အနိုင်မရနိုင်ဘူးလို့ပြောနေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုကတော့ ကျနော်တို့ အနိုင်ရမယ်ဆိုတာ သိခဲ့ကြသလို တကယ်လည်း အနိုင်ရမှာဖြစ်ပါတယ်။ အောင်ပွဲခံမယ့် အချိန်ဟာလည်း တစ်နေ့ထက်တစ်နေ့ နီးကပ်လာပြီ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်း ဒုတိယနှစ်ထဲသို့ ဝင်လာပြီဖြစ်သကဲ့သို့ အနာဂတ်လာမည့် နှစ်များတွင် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းပြီး သမိုင်းတလျောက် လိုလားတောင့်တခဲကြသည့် ဒီမိုကရက်တစ်မြန်မာပြည်သစ်ဖြင့် အစားထိုးနိုင်ရန် အင်အားများကို နှစ်ဆတိုးကြိုးစားရန်လည်း ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း ချေမှုန်းရေးစစ်ကြောင်းမှ ရဲဘော်များသည် ဘန်ကာ သုံးခုအား ဝိုင်းထားနိုင်ခဲ့သော်လည်း စခန်းအနီးနားရှိ ဆင်အင်းစခန်းမှ တပ်ကူရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း 96 Soldiers - PDF(အညာဒေသ)က ဆိုသည်။

သတင်း

မြန်မာနိုင်ငံမှာ ဓာတုလက်နက် သုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်တွေက ၂၀၀၅ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပေမယ့် တိကျတဲ့ လက်ဆုပ်လက်ကိုင် သက်သေ မရှိခဲ့ပါဘူး။

သတင်း

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ဘာသာပြန် ဆောင်းပါး

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။