မြိုင်နှင့်ပေါက်မြို့နယ် အစပ်တွင်ရှိသည့် MOGEစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ယမန့်နေ( သင်္ကြန်အတက်နေ့)
တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းသည် စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လက်အောက်ရှိ MOGE WELL -2 စခန်းဖြစ်ပြီး ဝန်ထမ်းအားလုံး CDMဆောင်ရွက်မူကြောင့် လုပ်ငန်းမလည်နိုင်ဘဲ စစ်ကောင်စီတပ်များသာ တပ်စွဲထားသည့် စခန်းဖြစ်သည်ဟု ကျားသစ်နက်တပ်ဖွဲ့၏တာဝန်ရှိသူတစ်ဦးကပြောသည်။
“အရင်တုန်းစစ်စခန်းမဟုတ်ပါဘူးဗျ။ ရေနံနဲ့ပါတ်သက်တဲ့ဌာနတစ်ခုပါဘဲ။ အခုတော့ အဲဒီဝန်ထမ်းတွေ က ပြည်သူဖက်ရပ်တည်ထားလို့ ဝန်ထမ်းတယောက်မှမရှိပါဘူး၊ သူတို့က(စစ်တပ်က) ဝင်ပြီးနေရာယူထားတာပါဗျ”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုစခန်းကို ဧပြီ ၁၆ ရက် ညနေ ၆နာရီခွဲမှာ ည ၁၂နာရီခွဲအထိ ၆၀ မမ၊ ၈၀ မမ၊၁၂၀ မမ စသည့် လက်နက်ကြီးအလုံး ၁၀၀ခန့်ဖြင့် စခန်းအတွင်းသို့ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုအပြင် စခန်းအတွင်းသို့ ည ၁၀နာရီကျော်တွင် တပ်ပေါင်းစုအဖွဲ့က ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား နေထိုင်သည့် အိမ်ယာ ၆ လုံး၊ ဖောကားတစ်စီး၊ Wheel loader တစ်စီးစသည့်တို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များက ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသက်လုထွက်ပြေးသွားပြီး တိုက်ပွဲချိန်ကြာမြင့်သောကြောင့် စခန်းအတွင်း ရှင်းလင်းရေးမပြုနိုင်သောကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုစာရင်းကို မသိရှိရကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုများနိုင်ပြီး သေဆုံးသူစာရင်းကိုဆက်လက်ထုတ်ပြန်ပေးမည်ဟုကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကလည်းထုတ်ပြန်သည်။
“အဲဒီနေရာကိုPDF တွေစိုးမိုးမှာကြောက်လို့ လာတပ်ချထားတာလို့ယူဆပါတယ်ဗျ။အဲဒီအထဲမှာ ရဲမိသားစုတွေလည်း နေတယ်လို့သိရပါတယ်။ အထူးသဖြင့် ပြည်သူ့ ရဲဌာနမှာရှိတဲ့ ရဲမှူး မြို့နယ်မှူး စခန်းမှူး တပ်ကြပ် နယ်ထိန်း ရဲသားအားလုံးကိုပြောချင်တာကပြည်သူလုံခြုံရေးကို အဓိကတာဝန်ယူရမယ့်အစား မအလခိုင်းတာလုပ်နေကြတယ်။ အဲတော့ သူတို့မှာရည်ရွယ်ချက်တွေပျောက်နေတယ်လို့မြင်တယ်။ ခင်ဗျားတို့ရဲ့မူလတာဝန်ဖြစ်တဲ့ ပြည်သူကိုစောင့်ရှောက်တဲ့အလုပ်တွေ ရဲစစ်စစ်တွေရဲ့လုပ်ရမယ့်အလုပ်တွေ ပြန်လုပ်နိုင်ဖို့ ပြည်သူ့ဘက်က အမြန်ဆုံးရပ်တည်ပေးကြပါလို့ ပြောချင်ပါတယ်။”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆရာကိုဖိုးသားက ပြောသည်။
ထိုတိုက်ခိုက်မူများကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တပ်ရင်း၊ တပ်ခွဲ ၆ ၊ တပ်ခွဲ ၈ Fucture Generation ၊ Guerrilla force 101၊ Myaing Hero Genaration ၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း၊ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်ပေါင်းစု LDF အဖွဲ့တို့မှ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟုပါရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က မြိုင်မြို့နယ်အနောက်မြောက်ပိုင်းကျေးရွာများအတွင်းနယ်လှည့်သွားလာနေသော စကစတပ်သားများသည် သီးပင်ကိုင်းကျေးရွာ အရောက်တွင် ခေတ္တာနားနေခိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများက လက်နက်ကြီး ၊လက်နက်
ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် အများအပြားသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


















































