မွန်ပြည်နယ် သထုံခရိုင် သိမ်ဆိပ်လေးကေလမ်း၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုရဲအုပ်မင်းမင်းဦးအား ဖမ်းဆီးမိကြောင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ယနေ့(ဧပြီ ၂၆ ရက်) ထုတ်ပြန် သည်။
ဖမ်းဆီးမှုဖြစ်စဥ်အရ ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် သထုံခရိုင် KNU/KNLA တပ်မဟာ (၁)၊ တပ်ရင်း(၂) လက်အောက်ခံ PDF တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ၏ သိမ်ဆိပ် လေးကေလမ်းပေါ်ရှိထုံးဘိုကြီး၊ ထုံးဘိုလေးရွာကြားရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။


ဖမ်းမိခဲ့သည့် ဒုရဲအုပ် မင်းမင်းဦးသည် မှောင်ခိုကားလာဝယ်သူဟု အယောင် ဆောင်ကာ သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်များအား ငွေကြေးထောက်ပံ့မှုများရှိသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ဆက်လက်စစ်ဆေးရာ မောင်းနှင်လာသော ကားအတွင်းမှ ခြောက်လုံးပြူးသေနက် တစ်လက်၊ ပိုက်ဆံ သိန်း ၂၀နှင့်အထက်နှင့် ကားနံပါတ်အတုများထပ်မံတွေ့ရှိရကြောင်း အသိပေးသည်။
ဖမ်းဆီးရမိထားသောဒုရဲအုပ် မင်းမင်းဦးအား KNU ဥပဒေအရအရေးယူဆောင်ရွက်လိုက် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
