ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က ဗိုလ်မှူးစောစလုံးတို့အဖွဲ့ကို KNDO ကွန်မန်ဒိုတပ်ရင်းအဖြစ် တည်ဆောက်ထူထောင်သွားမယ်လို့ KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။
အဲဒီအဖွဲ့က စစ်ကောင်စီကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့အတူ တော်လှန်တိုက်ခိုက်ခဲ့ပြီး KNDO တပ်ဖွဲ့ထံ ပူးပေါင်းလက်တွဲလာတဲ့အဖွဲ့ဖြစ်ပါတယ်။
“အခုက ဒီလာတဲ့အဖွဲ့အစည်းက ကေအဲန်ဒီအို ကွန်မန်ဒိုတပ်ရင်း တည်ဆောက်မယ် ထူထောင်မယ်”လို့ KNDO ဗိုလ်မှူးချုပ် စောနယ်ဒါးမြကလည်း ပြောကြားပါတယ်။

DKBA က တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောစလုံးဦးဆောင်တဲ့ အင်အား ၂၀၀ ကျော်ရှိတဲ့အဖွဲ့ဟာ ဒီကနေ့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဗိုလ်မှူးချုပ်စောနယ်ဒါးမြထံ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုလိုပူးပေါင်းရတာဟာလည်း ပြည်သူနဲ့အတူရပ်တည်တိုက်ပွဲဝင်ပြီး ကူညီချင်တာဖြစ်တယ်လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

Public Service Announcement
“ငါတို့က ပြည်သူလူထုကိုချစ်တယ်။ ငါတို့က ပြည်သူလူထုကို ကာကွယ်တယ်။ ကျနော်တို့က ဒီကေဘီအေမဟုတ်တော့ဘူး။ ကျနော်တို့က ကေအဲန်ဒီအိုဖြစ်သွားပြီ”လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။
ဒီကနေ့ KNDO နဲ့ လာရောက်ပူးပေါင်းလာတဲ့ ဗိုလ်မှူးစောစလုံးကို KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကေအဲန်ဒီအိုရဲ့ရာထူးတံဆိပ်အဆင့်အတန်းကို ဗိုလ်မှူးစောစလုံးကို ကိုယ်တိုင်တပ်ဆင်ပေးခဲ့တာပါတယ်။

ဗိုလ်မှူးစောစလုံးအဖွဲ့ဟာ လေးကေကော်မြို့အနီးမှာရှိတဲ့ ဖလူးဒေသဘက်မှာ အခြေချနေထိုင်တပ်စွဲထားတဲ့ DKBA အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လေးကေကော်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဖလူးဒေသမှာရှိတဲ့ ဗိုလ်မှူးစောစလုံးရဲ့ DKBA စခန်းကိုပါ စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်မှူးစောစလုံးရဲ့ ဖလူးစခန်းဟာ လေးကေကော်ဒေသခံစစ်ဘေးရှောင်တွေကို လက်ခံထားပြီး စစ်ကောင်စီဘက်က စတင်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ကာ ဗိုလ်မှူးစောစလုံးရဲ့ဖလူးစခန်းကို စစ်ကောင်စီက တိုက်ခိုက်သိမ်းပိုက်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့ပစ်ခတ်မှုမဖြစ်ပွားသေးပဲ DKBAက ဗိုလ်မှူးစောစလုံးတစ်ဖွဲ့နဲ့သာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကေအဲန်ယူ လက်အောက်ခံတပ်တစ်ခုဖြစ်တဲ့ KNDO ဟာ မြ၀တီမြို့နယ်တောင်ဘက်ခြမ်းက တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝေါ်လေ စုကလိ ဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လပိုင်းက ဝေါ်လေဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ မော်ခီးတပ်စခန်းကို KNDO တပ်ဖွဲ့အပါအဝင် KNLA DKBA တပ်ဖွဲ့တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သေးတာဖြစ်ပါတယ်။

















































