ချင်းပြည်နယ်၊ တီးတိန်မြို့တွင် CNAနှင့် ZRAတို့ ဧပြီ ၂၇ ရက်မှ စတင်ပြီး နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်လက်နက်ကိုင်များသည် တီးတိန်မြို့တွင် ဧပြီ ၂၇ ရက် နံနက် ၇နာရီတွင် တစ်ကြိမ်၊ ဧပြီ ၂၈ ရက် ညနေ ၃နာရီတွင်တကြိမ် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိတွေ့ တိုက်ပွဲသည် မိနှစ်ပိုင်းသာကြာမြင့်သည့် တိုက်ပွဲငယ်သာဖြစ်ပြီး အထိအခိုက်မရှိကြောင်း CNA(ချင်းအမျိုးသားတပ်မတော်)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“နှစ်ဖက် အပြန်အလှန် ပစ်ကြတာပါ။ တိုက်ပွဲကြီးဖြစ်တာမျိုး မဟုတ်ဘူး”ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement
CNAသည် ၎င်းတို့ထိန်းချုပ်ထားသည့် တီးတိန်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲများဖြစ်ရသည်ဟု ZRAနှင့် နီးစပ်သူတစ်ဦးက တုန့်ပြန်သည်။
CNAနှင့် ZRA( ဇိုနီးတော်လှန်ရေးတပ်)တို့သည် ၂၀၂၁ နိုဝင်ဘာ ၁၇ ရက်တွင် ပထမဦးဆုံးအကြမ်းတိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် လက်နက်ကိုင်များ ပူးပေါင်းထားသည့် CDJC (Chinland Defense Join Committee)က ZRA ကို Zomi Revolution Organization/ Zomi Revolution Army (Eastern Command) ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ဒေသတွင်း CDF အဖွဲ့များကို မကြာခဏတိုက်ခိုက်နေသဖြင့်အကြမ်းဖက်အဖွဲ့အစည်းဖြစ် ၂၀၂၂ ဧပြီ ၁၂ ရက် ကထုတ်ပြန်ကြေညာခဲ့သည်။ ZRAသည် တီးတိန်နှင့် တွန်းဇံရှိ ပြည်သူများကို ကိုယ်စားမပြုခြင်းကြောင့်ယခုလိုကြေညာရခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။ ZRA သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ဘဲ ၊စစ်ကောင်စီကို ခုခံတော်လှန်နေသော CDF နှင့် CNA တို့ကိုသာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


















































