Connect with us

Hi, what are you looking for?

News

ဟားခါး – ဖလမ်းကြားတိုက်ပွဲ စစ်ကောင်စီတပ် ၁၈ဦးထက်မနည်းသေဆုံး၊ ချင်းပူးပေါင်းတပ်မှ ရဲဘော်ကိုးဦးကျဆုံး

“ဒီနေ့ ကိုးယောက်ကျတဲ့အထဲမှာ ငါးဦးကတော့ CNA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သူတို့ CNA တပ်သားတွေဆီကနေ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့ လေးယောက်က CDF ပေါ့။ CDF ထဲမှာ ဟားခါး CDF လည်းပါတယ် ထန်တလန် CDFလည်းပါတယ်” ဟု ဒေသခံက ပြောသည်။

ယနေ့ညပိုင်း တိုက်ပွဲဆက်ဖြစ်နိုင်ဟု ဒေသခံပြော

ချင်းပြည်နယ် ဟားခါး – ဖလမ်းအကြားတွင် ယနေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ဦး သေဆုံးပြီးအများအပြား ဒဏ်ရာရရှိသကဲ့သို့ ချင်းပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ရဲဘော်ကိုးဦး ကျဆုံးခဲ့သည်ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။

ဟားခါး -ကလေးလမ်း ဖလမ်းမြို့နယ် တလန်ဇာရ်ရွာအနီးတွင် ယနေ့ (မေလ ၅ရက်)နံနက်ပိုင်းမှ စတင်၍ ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်း အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ကလေး – ဟားခါးလမ်းမကြီး စစ်တပ်က ကလေးဘက်သွားမယ်ထင်တယ်။ ဟားခါးကနေ ကလေးဘက်ကို ပြန်တဲ့လမ်းကြောင်း ။ ဒီမနက်၁၁နာရီအထိတော့ တိုက်ပွဲမှာ (စစ်ကောင်စီဘက်က) အနည်းဆုံး ၁၈ယောက် သေပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူများတယ်လို့ မြေပြင်သတင်းအရ သိရတယ်”ဟု ချင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်ကိုးဦးကျဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။

“ဒီနေ့ ကိုးယောက်ကျတဲ့အထဲမှာ ငါးဦးကတော့ CNA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သူတို့ CNA တပ်သားတွေဆီကနေ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့ လေးယောက်က CDF ပေါ့။ CDF ထဲမှာ ဟားခါး CDF လည်းပါတယ် ထန်တလန် CDFလည်းပါတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ လူအင်အား လက်နက်အင်အားမမျှသည့် အခြေအနေတွင် ချင်းတပ်ဖွဲ့ဝင်များ ကျဆုံးမှု များခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံက သုံးသပ်သည်။

“ဒီညမှာလည်း တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ သူတို့ဘက်က ပြောတယ်”ဟု ၎င်းက ဆိုသည်။

ဟားခါးမှ ဖလမ်းမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းအား မေလ ၃ရက်က စပြီး ချင်းပူးပေါင်းတပ်က ချုံခိုတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန The Chin Journalက ဖော်ပြထားသည်။ စစ်ကောင်စီတပ်များသည် မေလ ၄ရက်တွင် ဖလမ်းမြို့နယ် ရမ်ထလိုရွာမှ နေအိမ် ၁၀လုံးကို မီးရှို့ခဲ့ပြီး ယနေ့တွင်လည်း တလန်ဇာရ်ရွာမှ နေအိမ် ၁၀လုံးကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။