Macrame တွေ ကိုယ်တိုင်လုပ်ပြီး နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာနေတဲ့ သရုပ်ဆောင်ချစ်သုဝေက Treza’s Macrame Family နာမည်နဲ့ ပေ့ခ်ျကို မိတ်ဆက်ခဲ့ပါတယ်။
ဒီပေ့ခ်ျမှာ Macrame ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဗီဒီယိုဖိုင်လေးတွေ တင်ပေးဖို့ရှိသလို ဆက်လက်ပြုလုပ်မယ့် Macrame Project တွေနဲ့ပတ်သက်တာတွေကိုလည်း တင်ပေးသွားမှာပါ။
ချစ်သုဝေက တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ Macrame တွေ ကိုယ်တိုင်ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေပေးတာ ၆ ကြိမ်ရှိပါပြီ။ မေလ ၁၂ ရက်ကတော့ ၆ ကြိမ်မြောက် Macrame Project ရဲ့ ကံထူးရှင်ကိုရွေးချယ်ပေးခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ Macrame Project ကနေ အလှူငွေ သိန်း ၇၀၀ ကျော်ရရှိခဲ့ပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းခဲ့တယ်လို့ ချစ်သုဝေကပြောပါတယ်။ Macrame ပြုလုပ်ဖို့ စိတ်မရှည်ပေမယ့်လည်း တော်လှန်ရေးအတွက် ရန်ပုံငွေရှာနိုင်တာကြောင့် လုပ်ခဲ့တာလို့ သူမကပြော ပါတယ်။

Public Service Announcement
ရန်ပုံငွေအတွက် ကံစမ်းမဲလက်မှတ်ဝယ်ယူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။
အရင်က ဆိုရှယ်မီဒီယာကို အချိန်ပေးမသုံးဖြစ်ပေမယ့် အခုကာလမှာတော့ အလှူငွေရှာဖွေနိုင်မယ့် ရည်ရွယ်ချက်နဲ့ You Tube ၊ Instagram စတာတွေလည်း အသုံးပြုနေပြီလို့ ချစ်သုဝေကပြောပါတယ်။
တော်လှန်ရေးနဲ့ပတ်သက်ပြီး အားလုံးတတ်နိုင်တဲ့ဘက်ကပါဝင်ပေးဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။
Macrame Project တွေကို လစဉ်ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ၇ ကြိမ်မြောက်ကိုတော့ ဇွန်လမှာ ပြုလုပ်မယ်လို့ ချစ်သုဝေကပြောပါတယ်။
