အောက်တိုဘာ-၉၊၂၀၂၅။ဆဏ်း/People’s Spring
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
နယူးယောက်မြို့မှာ ရောင်နီပွဲရဲ့ ငွေစာရင်းရှင်းတမ်းကို ပြီးခဲ့တဲ့ ရက်က ကြေညာခဲ့တာဖြစ်ပြီး ရောင်နီ ပွဲတွေမှာ ငွေပမာဏ အများဆုံးရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲကရရှိတဲ့ငွေတွေကို မြေပြင်ကို ပို့ဆောင်ပေးနေပြီလို့ ပွဲကျင်းပတဲ့ ရောင်နီ Live in NYC က အသိပေးထားပါတယ်။

Public Service Announcement
ဧပြီလမှာစတင်ခဲ့တဲ့ ရောင်နီပွဲတွေမှာ Maryland က အမေရိကန်ဒေါ်လာ ၁၁၂၅၇၈ ၊ Boston က အမေရိကန်ဒေါ်လာ ၄၄၁၇၇ ၊ San Francisco (Bay Area) က အမေရိကန်ဒေါ်လာ ၁၀၇၇၀၆ ၊ Florida က အမေရိကန်ဒေါ်လာ ၆၄၇၅၀ ၊ Texas က အမေရိကန်ဒေါ်လာ ၆၂၈၈၄ ၊ Milwaukee က အမေရိကန်ဒေါ်လာ ၂၆၄၇၀ နဲ့ နယူးယောက်က အမေရိကန်ဒေါ်လာ ၁၅၀၅၀၆ ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၉၀၇၁ ရရှိခဲ့တာဖြစ်ပါတယ်။
ရောင်နီပွဲတွေက ရရှိတဲ့ငွေတွေကို အရေးပေါ်သဘာဝဘေးနှင့်စစ်ရှောင်များ ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ပညာရေး ကဏ္ဍ၊တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှုများကဏ္ဍ အသီးသီးအတွက် အချိန်မဆိုင်းဘဲ လွှဲပြောင်းစီးဆင်းနေတယ်လို့ ဆိုပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့က ဒီဖျော်ဖြေပွဲတွေကို အနုပညာကြေးမယူပဲ ဖျော်ဖြေပေးနေတာဖြစ်ပြီး ပွဲတွေကရလာတဲ့ ငွေတွေကို တော်လှန်မိသားစုတွေရဲ့ပြန်လည်ထူထောင်ရေး၊ မြေပြင်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပညာရေး စရိတ်ပို့ဆောင်ခြင်းနဲ့ တောင်ပေါ်တောင်အောက်ဒေသအနှံ့က တန်းတူလူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အသုံးပြုသွားမယ်လို့ ပွဲစတင်ကျင်းပချိန်ကတည်းကအသိပေးထားပါတယ်။
လင်းလင်းက ဒီပွဲတွေ စတင်မယ့် အချိန်ကတည်းက ရရှိလာတဲ့ငွေတွေကို အချိန်မဆိုင်းပဲပို့ဆောင်ပေးမယ်လို့ ကတိပြုခဲ့တာဖြစ်ပြီး ပထမပွဲတွေရဲ့ လှူဒါန်းမှူတွေကို နောက်ပွဲတွေမှာ အသိပေးလေ့ရှိတယ်လို့ သိရပါတယ်။
ထပ်မံပြီး ရောင်နီရဲ့ ဖျော်ဖြေပွဲတွေအနေနဲ့ အောက်တိုဘာ ၁၉ ရက်မှာ Los Angeles ၊နိုဝင်ဘာ ၁ ရက်မှာ Minnesota နဲ့ နိုဝင်ဘာ ၁၆ ရက်မှာတော့ Buffalo မြို့တွေမှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။



























































