အလွှတ်ကျက်မှတ်မှုကို အားပေးသည့်မေးခွန်းများအစား သဘောပေါက်နားလည်မှုနှင့် ခွဲခြမ်းစိပ်ဖျာနိုင်မည့် မေးခွန်းများမေးမည်။
ယခုပညာသင်နှစ်အတွက် အခြေခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို နှစ်ကြိမ်ခွဲ၍ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်သည်။
ပထမအကြိမ် စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် အသီးသီးစစ်ဆေးသွားမည်ဖြစ်ပြီး ပထမအကြိမ်စစ် ဆေးမှုတွင် အခက်အခဲရှိသူများ ဒုတိယအ ကြိမ်တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဟု ဖော် ပြသည်။
ပါဝင်ဖြေဆိုနိုင်မည့်သူများမှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် အသက် ၁၇ နှစ် ပြည့်ပြီးသူ၊ အခြေခံပညာနဝမတန်း(စနစ်ဟောင်း) တက်ရောက်ဖူးသူများပါဝင်သည်။


ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရေးရန် အင်တာနက်ရရှိသည့် နေရာဒေသများတွင် အွန်လိုင်း(Online) မှ ဖြေဆိုစေခြင်း၊ အင်တာနက်အခက်အခဲရှိသည့် နေရာဒေသများတွင် အင်တာနက်မလိုသောနည်းပညာ(Offline Assessment Application)အသုံးပြု၍ ဖြေဆိုစေခြင်း၊ နယ်မြေစိုးမိုးမှုရရှိပြီး လုံခြုံရေးအာမခံချက်ရှိသောဒေသများတွင် မြေပြင် (On-ground) ဖြေဆိုစေခြင်းများ ဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

Public Service Announcement
စစ်ဆေးအကဲဖြတ်ရာတွင် ယခင် ဒသမတန်း (စနစ်ဟောင်း)သင်ရိုးညွှန်းတမ်းကို အခြေခံမည် ဖြစ်သော်လည်း အလွတ်ကျက်မှတ်မှုကိုအားပေးသည့် မေးခွန်းများအစား ကျောင်း သားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ -သိရှိနားလည်သဘောပေါက်မှု (Knowledge and Understanding)၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ် ၍ အသုံးချနိုင်မှု (Application and Analysis)၊ လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု (Creative Problem-solving)တို့ကို စစ်ဆေးအကဲဖြတ်သွားမည်ဟု ဆိုသည်။
မေးခွန်းလွှာတစ်ခုစီအတွက် ဖြေဆိုချိန် ၂ နာရီ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာစစ်ဆေးအကဲ ဖြတ်မှုပုံစံများအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြုပြီး ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရသည့် ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားများ (Objective Type Items)ပါဝင်မည်ဟု ရှင်းပြထားသည်။
ရလဒ်များတွင် ဘာသာရပ်တစ်ခုတွင် ကျရှုံးရုံဖြင့် ဘာသာရပ်အားလုံး ပြန်လည်ဖြေဆိုစေ သောစနစ်ကို ကျင့်သုံးမည်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်အပေါ် အခြေပြုသည့် ရလဒ်အဆင့်များ (Grading)ထုတ်ပြန်ပေးမည်ဖြစ်ပြီး မိမိတို့ ဆက်လက် သင်ယူမည့် အဆင်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ ဝင်ခွင့် သတ်မှတ်ချက်များ အပေါ်မူတည်၍ ပြန်လည်ဖြေဆိုရန်လိုအပ်သော ဘာသာရပ်များကိုသာ ထပ်မံဖြေဆိုကြရမည်ဖြစ်သည်။
တော်လှန်ရေးတွင် ပါဝင်နေသူများ၊ မသန်စွမ်းသူများ၊ စစ်ဘေးသင့် ပြည်သူများအတွက် သင့်လျော်မည့် ကြားကာလ သို့မဟုတ် တော် လှန်ရေးလွန်ကာလတွင် အထူးပညာသင်ကြားရေးနှင့် စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုရေး အစီအစဉ်များကို သီးသန့်အကောင်အထည် ဖော်ပေးသွားမည်ဟုလည်း ထည့်သွင်းဖော်ပြ သည်။
ထို့ကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် ဒသမတန်း(စနစ်ဟောင်း) သင်ခန်း စာများကို ကြိုတင်လေ့လာထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။


















































