မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒဟက်တောဘုရားဝန်းအတွင်း တပ်စွဲထား သော စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရသွားကြောင်း MDY-PDF က ယနေ့ (သြဂုတ် ၁၁)ထုတ်ပြန်သည်။
ယမန်နေ့နံနက် ၉ နာရီ ၁၀ မိနစ်က မဟာအောင်မြေမြို့နယ် ဒဟက်တော ဘုရားဝန်း၌ တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဗုံးသီးတစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအားလုံး ထိုဒေသမှ အောင်မြင်စွာထွက်ခွာ နိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးသည်။

“ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်များအနေဖြင့် မြို့ပြ Missions များလုပ် ဆောင်ရသည်မှာ အလွန်ပင်ခက်ခဲသော်လည်း ကြိုးစား၍ အသက်စွန့်ပြီးပြု လုပ်နေချိန်တွင် မိဘပြည်သူများအနေဖြင့် အသွားအလာနှင့် မလိုအပ်သော အပျော်အပါးကိစ္စများကို လျှော့ချပေးရန် မေတ္တာရပ်ခံအပ် ပါသည်”ဟု MDY-PDF က ဖော်ပြသည်။
ထို့အပြင် မြို့ပြရဲဘော်များ ဖမ်းဆီးခံ၊ ကျဆုံးခံနေရချိန်တွင် နေစိမ့်နိုင်၊ ပျော်ပါး နိုင်လွန်းသော ပြည်သူများကို အံ့သြဝမ်းနည်းဖြစ်ရသော်လည်း MDY-PDF အနေဖြင့် တော်လှန်ရေးသစ္စာအား ဦးလည်မသုန် ဆက်လက်ဆောင်ရွက်သွား မည်ဟု အသိပေးထားသည်။

Public Service Announcement
ယခုရက်ပိုင်းများတွင် မန္တလေးမြို့အခြေစိုက်မြို့ပြတော်လှန်ရေးရဲဘော်များ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ဆက်တိုက်ရင်ဆိုင်နေရပြီး ဖမ်းဆီးရမိသူ များအား အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်အလောင်းစွန့်ပစ်မှုများ ရှိနေသည်။


















































