ချင်းပူးတွဲကာကွယ်ရေးတပ်(CJDC) အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ၆လအတွင်း တိုက်ပွဲပေါင်း၂၂၀ ဖြစ်ခဲ့ကြောင်း ချင်းလက်နက်ကိုင် ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် CJDCက ယနေ့ ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၉၂၇ဦး သေဆုံးခဲ့ပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များမှ ၅၃ဦး ကျဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တို့ ပါဝင် ဖွဲ့စည်းထားသည့် CJDCက အသိပေးထားသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် ချင်းပြည်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာလျက်ရှိရာ CJDC အဖွဲ့ဝင် အသီးသီး ပူးပေါင်း၍ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁ရက်မှ ဇူလိုင် ၃၁ရက်အထိ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စုစုပေါင်း တိုက်ပွဲ ၂၂၀ကြိမ်ရှိခဲ့ပြီး တွန်းဇံမြို့နယ်တွင် ၂ကြိမ်၊ ပလက်၀မြို့နယ်တွင် ၇ကြိမ်၊ ထန်တလန်မြို့နယ်တွင် ၉ကြိမ်၊ တီးတိန်မြို့နယ်တွင် ၁၃ကြိမ်၊ မတူပီမြို့နယ်တွင် ၁၈ကြိမ်၊ KKG(ကလေး-ကဘော်-ဂန့်ဂေါ) ဒေသ၌ ၂၃ကြိမ်၊ ကန်ပက်လက်မြို့နယ်တွင် ၂၄ကြိမ်၊ မင်းတပ်မြို့နယ်တွင် ၃၅ကြိမ်၊ ဖလမ်းမြို့နယ်တွင် ၄၄ကြိမ်၊ ဟားခါးမြို့နယ်တွင် ၄၅ကြိမ်တို့ဖြစ်သည်။

Public Service Announcement
ဒေသအလိုက် ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်များ၏လှုပ်ရှားမှုများအား သက်ဆိုင်ရာ မြို့နယ် များထည့်သွင်းထားခြင်းဖြစ်ပြီး ကလေး၊ ကဘော်၊ ဂန့်ဂေါသည် ချင်းပြည်နယ် (၉)မြို့နယ် ထဲတွင် မပါဝင်သော်လည်း CJDC အဖွဲ့ဝင် ဖြစ်သောကြောင့် ဖော်ပြထားခြင်းဖြစ်သည်ဟုဆိုသည်။
ထန်တလန်မြို့အတွင်း အသေးစားစစ်ရေးလှုပ် ရှားမှုများအား ထည့်သွင်းထားခြင်းမရှိကြောင်း ဖော်ပြထားသည်။
CDF ဟားခါး ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – CDF ဟားခါး


















































