ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)က ထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၂၀ ရက်) နံနက် ၅ နာရီခွဲမှ နံနက်၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ရာ DMO -Local PDF နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၉တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်ခဲ့ပြီး(သတင်းအတိအကျမရရှိသေး) DMO Local PDF မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။
“KNDF ဘက်က ရဲဘော်တစ်ဦးကျတယ်။ သုံးဦးထိခိုက်ဒဏ်ရာရတယ်။တိုက်ပွဲက တော်တော်ကို ပြင်းထန်နေတာ”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

ယနေ့ တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်က ညနေ ၄ နာရီခန့်တွင် လက်နက်ကြီးများ၊ အတွဲလိုက်ဒုန်းများ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား အသက်(၁၂) နှစ်အရွယ် မောင်စနေဦးထိမှန်ကာ ပွဲချင်းသေဆုံးခဲ့ရသည်။
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက် ကြီးများ၊ အတွဲလိုက်ဒုန်းများ နေ့စဉ်ပစ်ခတ်မှုကြောင့် ယခုအချိန်ထိ အရပ်သားပြည်သူ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်းလည်း DMO Local PDFက အသိပေးသည်။
ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း၊ကုန်းသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ နှင့် စည်ပင်စျေးတိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။


















































