စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှောင်လမ်းပေါ်တွင် ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံနေသော စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း BLACK WOLF – PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ရွှေဘိုမြို့ရှောင်လမ်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ -၁ ၊ BLACK WOLF – PDFတို့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု အတည်ပြုနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း BLACK WOLF – PDF က အသိပေးသည်။
ရွှေဘို – မန္တလေး မြို့ရှောင်လမ်းပေါ်ရှိ စစ်ကောင်စီတပ်များက ဂိတ်ချ၍ စစ်ဆေးကာ ဖမ်းဆီး ငွေညစ်တောင်းခံလျက်ရှိသည်ဟု သတင်းရရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်မှန်ကန်ကြောင်းရှိ၊မရှိ စုံစမ်းစစ်ဆေးရာ အမှန်တကယ်ပင် ခြိမ်းခြောက် ၊ စစ်ဆေးငွေညှစ် တောင်းခံနေကြောင်း အတည်ပြုနိုင်ခဲ့၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BLACK WOLF – PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
ထို့သို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်များအနီးတွင်ရှိသော အပြစ်မဲ့ ပြည်သူ နှစ်ဦးလည်း ထိခိုက်ခဲ့သည်ဟု ကြားသိရကြောင်း၊ အပြစ်မဲ့ ပြည်သူနှစ်ဦး ထိခိုက်မှုအတွက် အထူးပင်ဝမ်းနည်းမိကာ အဆိုပါပြည်သူနှစ်ဦးအား တောင်းပန်အပ်ကြောင်း BLACK WOLF – PDFက ဖော်ပြသည်။
“လက်နက်တော့ မရလိုက်ဘူး။ Error တက်သွားလို့။ အတန်တန်သတိပေးထားတဲ့ကြားကပြည်သူတချို့ ထိခိုက်သွားလို့ဘယ်လိုတောင်ပြောရမလဲမသိတော့ပါဘူး။ ပြည်သူတွေများများ clickကြပါလို့ ပြောချင်ပါတယ်။”ဟု BLACK WOLF – PDF တာဝန်ရှိသူက ပြောသည်။
ဒဏ်ရာရသွားသော ပြည်သူနှစ်ဦးမှာ မပြင်းထန်ကြောင်းဘည်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်များအနီးတွင် နေထိုင်ခြင်းမပြုရန် ထပ်မံသတိပေးတောင်းဆိုအပ်ကြောင်း BLACK WOLF – PDFက ရေးသားထားသည်။


















































