▪︎NUG ရဲ့ နွေဦးမော်ကွန်းသစ်စီမံကိန်း မြေကွက် ၄၀၀ ကို ၁၅ နာရီအတွင်း ရောင်းကုန်
NUG စီစဉ်တဲ့ နွေဦးမော်ကွန်းသစ်စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၃၂,၀၀၀ တန်မြေကွက် (၄၀၀) တစ်ရက်တည်း ရောင်းကုန်သွားတယ်လို့ The End Of Dictatorship က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သံသုမလမ်းမကြီးပေါ်ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းနေရာကို ပေ ၄၀ × ၆၀ အကွက်များ သတ်မှတ်ပြီး ဒီနေ့ စတင်ရောင်းချခဲ့ရာ ၁၅ နာရီအတွင်း မြေကွက်အားလုံး ရောင်းကုန်သွားခြင်းဖြစ်ပါတယ်။ အဲဒီမြေကွက်တစ်ကွက်ကို ရောင်းစျေးအဖြစ် အမေရိကန်ဒေါ်လာ ၃၂,၀၀၀ သတ်မှတ်ထားပြီး လက်ငင်းဝယ်ယူသူကို ၄၀ ရာခိုင်နှုန်းလျှော့စျေး ဒေါ်လာ ၁၂,၈၀၀ နဲ့ အရစ်ကျ သုံးလသတ်မှတ်ပေးထားပါတယ်။

▪︎စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဗိုလ်ကြီးအပါအဝင် ၇ ဦးသေဆုံး
ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ သေနတ်ပစ်ကွင်းမှာ စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၇ သေဆုံးခဲ့ပါတယ်။
စစ်သား ၇ ဦးအပြင် စစ်သား ၂ ဦးရဲ့ မိန်းမတွေပါသေဆုံးခဲ့ပြီး စစ်သား ၁ ယောက်နဲ့ ကလေးတစ်ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ မနေ့ည ၁၁ ခွဲလောက်မှာ သန်လျင်မြို့ စစ်ပင်ကွင်းရွာ တောင်ဘက်ရှိ သေနတ်ပစ်ကွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ပစ်ခတ်ခဲ့တဲ့စစ်သားကလက်နက်နဲ့အတူလွတ်မြောက်နေတဲ့အတွက်ကြောင့် ဒီနေ့သန်လျင် ခြောက်လမ်းသွားလမ်းဆုံ၊ ကုလာဝဲတံတား အတက်၊အဆင်းနဲ့ သန်လျင်တံတားအဆင်း တိုင်းရင်းသားကျေးရွာအနီးမှာ ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

▪︎လက်နက်အများအပြားနဲ့ CDM ဝင်လာတဲ့ ရဲတပ်သားကို ကျပ်သိန်း ၇၀ ပေးအပ်ဂုဏ်ပြု
လက်နက်အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတဲ့ ရဲတပ်သားတစ်ဦးကို ကျပ်သိန်း (၇၀)ပေးအပ်ပြီး အခမ်းအနားနဲ့ ဂုဏ်ပြုပေးခဲ့တယ်လို့ The Youth Force (Saw & Kyaukhtu)က ဒီနေ့ထုတ်ပြန် ပါတယ်။

ဆောမြို့ ရဲစခန်းမှ ရဲတပ်သား ကိုဉာဏ်မင်းဟာ ဗုံးသီး (၄) လုံး ၊ ကျည် (၃၀၀) တောင့် ၊ G3 တစ်လက် ၊ ကျည်ဘောက် (၂)ခုဖြင့် The Youth Force (Saw & Kyaukhtu) ထံ မနေ့က ဝင်ရောက်ခိုလှုံလာခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ The Youth Force (Saw & Kyaukhtu) ထံ CDM ဝင်ရောက်လာတဲ့ စစ်သားနဲ့ ရဲ ၁၀ ဦးကျော်ရှိပြီလို့ ဆိုပါတယ်။

▪︎ပြည်သူ့ပညာရေးကျောင်းပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲ မြိုင်မြို့နယ်မှာ ပြုလုပ်
မကွေးတိုင်း မြိုင်မြို့နယ်အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ပြည်သူ့ပညာရေး ကျောင်းပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အဲဒီအားကစားပြိုင်ပွဲကို ပြည်သူ့ပညာရေး မြေပြင်ကျောင်းပေါင်း ၂၀ မှ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသား ကလေးတွေအနေဖြင့် တစ်ဦးချင်းစွမ်းရည်များအပြင် အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ဆောင်တတ်စေဖို့၊ ပြည်သူ့ပညာရေးကျောင်းတွေမှာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန်စေဖို့ ရည်ရွယ်ချက်နဲ့ အခုလိုအားကစားပွဲတွေ ကျင်းပပြုလုပ်ပေးတာဖြစ်တယ်လို့ BEGSC က ဆိုသည်။

▪︎မြောင်မှာ စစ်ကောင်စီတပ် ရမ်းပစ်လို့ စစ်ဘေးရှောင် လူငယ်တစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မနေ့ညက စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောသည်။ မနေ့ညက ၁၁ နာရီလောက်မှာ ကျောက်ရစ်ရွာမှ (၁၅၀)ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရာ ဇီးကျွန်းရွာနဲ့ သနပ်ကုန်းရွာအကြား၊ သနပ်ကုန်းကျေးရွာတောင်ဘက်ရေကျော်အနီးမှာ သနပ်ကုန်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးသေဆုံးခဲ့တဲ့အပြင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်တောက်ထွန်း MBTT အဖွဲ့က ပြောပါတယ်။

▪︎ကရင်နီမှာ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်သား ၄၀ သေဆုံးခဲ့ဟု KNDF ထုတ်ပြန်
ကရင်နီပြည်နယ် သြဂုတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံးခဲ့ပြီး တပ်သား လေးဦး CDM ပြုလုပ်ကာ ပူးပေါင်းလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ထုတ်ပြန်ပါတယ်။
သြဂုတ်တစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့ကနေ ဒီးမော့ဆိုမြို့နဲ့ လွိုင်ကော်မြို့အထိ စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့မှာ တပ်ဖြန့်စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။

▪︎လောင်းလုံးနယ်မှာ စစ်ကောင်စီတပ်နဲ့ပျူတွေပေါင်းပြီး ဓားပြတိုက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ငွေကြေးချမ်းသာတဲ့ နေအိမ်နှစ်လုံးကို ပျူစောထီးတွေက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ မနေ့ညက ဓားပြတိုက်ခဲ့ပါတယ်။ တပ်ရင်းမှူး (G1)၊ ဗျူဟာမှူးနဲ့ စစ်ကောင်စီတပ်သားတွေအပါအဝင် ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်ဆိုသူနဲ့ အဖွဲ့ဟာ လောင်းလုံးနယ်ညောင်ပြင်ကျေးရွာမှ နေအိမ်တစ်အိမ်ကို စီးနင်းလုယက်ခဲ့ပါတယ်။ အလားတူ သဘော့ဆိပ်ကျေးရွာအုပ်စု ပြင်ကြီးရွာ(ရှိုင်သာယာ)မှ ပျူစောထီးခေါင်းဆောင်ဟောင်း ဇော်မျိုးဦးဆိုသူရဲ့ဇနီး မမီးဝေကို သဘော့ဆိပ်ပျူခေါင်းဆောင် ကပ္ပလီဝင်းဇော် ဦးဆိုသူက သေနတ်နဲ့ ရွှေငွေတွေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်။
●စစ်ကောင်စီအပေါ်ခုခံတော်လှန်စစ်ပွဲတွေ
▪︎ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ဟားခါး၊ထန်တလန်ကြားတစ်လကြာတိုက်ပွဲမှာစစ်သား၆၀သေ
ချင်းပြည်နယ် ဟားခါးနဲ့ထန်တလန်အကြား ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး ခေါင်းစဉ်တပ်ပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။ အဲဒီ ကြောင့် ဇူလိုင် ၃၀ ရက်ကတည်းက လက်ရှိအချိန်အထိ တိုက်ပွဲကာလအတွင်း အနည်းဆုံး စစ်ကောင်စီတပ်သား ၆၀ ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများစွာလည်း ဒဏ်ရာရရှိစေခဲ့တယ်လို့ CNF က ထုတ်ပြန်ပါတယ်။ ချင်းပူးပေါင်းတပ်ဖွဲ့မှ ဟာခါး CDF ရဲဘော် တစ်ဦးကျဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

▪︎ရေးမြို့နယ် ခေါဇာရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ်(MSDF-S) ဝင်တိုက်
မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်း(MSDF-S) တပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။MSDF-S ဟာဆင်ဖြူစစ်ဆင်ရေးအမည်နဲ့ ခေါဇာမြို့ ရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး MSDF-S ရဲဘော်တွေ အောင်မြင်ဘေးကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးသတင်း တွေအရ ရဲများ သေဆုံးထိခိုက်များနိုင်ပြီး ဒဏ်ရာများရရှိတယ်လို့ သိရပေမယ့် အရေအတွက်အတိအကျကို စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
▪︎ခင်ဦးနယ်မှာ တစ်ရက်တည်း စစ်ကောင်စီတပ်အရာရှိတွေအပါအဝင် ၃၄ ဦးသေဆုံးဟုဆို
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ သုံးပွင့်၊ နှစ်ပွင့် အရာရှိ သုံးဦးအပါအဝင် ၃၄ ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ အရာရှိတွေကို စစ်တပ်က ရဟတ်ယာဉ်နဲ့ လာရောက်သယ်ဆောင်မယ်လို့ သိရပြီး စစ်ကောင်စီတပ်ဘက်က အသေအဆုံးများခဲ့လို့ ပိုမိုအကြမ်းဖက်လာနိုင်တာကြောင့် နယ်သူနယ်သားတွေ သတိပြုနေထိုင်ကြဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။
▪︎ထီးချိုင့်မှာ သုံးကြိမ် မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ ထိခိုက်သေဆုံးမှုများ
စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက ဒီနေ့တစ်ရက်တည်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အနည်းဆုံး ၁၄ ဦးသေဆုံးထိခိုက်များပြားခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) လက်အောက်ခံ Special 9 –HPDF က သတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

▪︎ဘဂ်လားဒေရှ်နယ်စပ်ကစစ်ကောင်စီတပ်စခန်းAAသိမ်း
ပိုက်၊တစ်ရက်တည်းစစ်သား ၂၉ဦးကျော်သေပြီးလက်နက်ခဲယမ်းများရရှိရခိုင်-ဘဂ်လားဒေရှ်နယ်စပ်က စစ်ကောင်စီလက်အောက်ခံ မိုင် တိုင်အမှတ် (၄၀)စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအရာရှိအပါအဝင် (၁၉)ဦးသေ ဆုံးပြီး စခန်းနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့တဲ့အပြင် ပလက်ဝနယ် မြိတ်ဝရွာအနီး ဖြစ်ပွာတဲ့မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၁၀)ဦးသေဆုံးတာကြောင့် စစ်ကောင်စီတပ်က မနေ့ကတစ်ရက်ထဲတင် (၂၉)သေဆုံးသွားတယ်လို့ ရခိုင့်တပ်တော် AA က သြဂုတ် ၃၁ ရက် ညမှာ ထုတ်ပြန်ပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ လူကူးခုံးတံတားတစ်ခုပေါ်မှာ ဒီနေ့မနက်အစောပိုင်းက တော်လှန်လူငယ်တွေက “အာဏာရှင်ကိုတော်လှန်တာ ငါတို့မျိုးဆက်နောက်ဆုံးဖြစ်ရမယ်” စာသားချိတ်ဆွဲကာ ဆန္ဒပြခဲ့သည်။စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်အင်အားစုဟာ “ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်” လို့ ဒီနေ့မနက်ပိုင်းက ကြွေးကြော်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ပါတယ်။


















































