▪︎စစ်ကောင်စီ ယုတ်ညံ့သူရဲဘောကြောင်တယ်လို့ AA စစ်ဦးစီးချုပ်ပြော
လက်နက်မဲ့အရပ်သားတွေကိုသာ တိုက်ခိုက်ရဲတဲ့ စစ်ကောင်စီဟာ သူရဲဘောကြောင်သူတွေ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီက မနေ့ညက လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒီနေ့မနက်ပိုင်းပိုင်းမှာလည်း မြောက်ဦးနဲ့ စစ်တွေဒေသခံတွေကို ဖမ်းဆီးခဲ့ ပါတယ်။ အဲဒီဖြစ်စဉ်တွေအပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်ကို ယုတ်ညံ့ပြီး သူရဲဘောကြောင်တယ်လို့ ဒီနေ့ ပြောဆိုခဲ့ပါတယ်။

▪︎သိန္နီမြို့အနီး မြောက်ပိုင်းအဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အနီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကွတ်ခိုင်မြို့ဘက် သွားတဲ့ ပြည်ထောင်စုလမ်းမကြီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေပြီး ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက် လာနိုင်တာမို့ သတိဝီရိယနဲ့သွားလာကြဖို့ သိန္နီမြို့ခံတစ်ဦးက သတိပေးပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)နဲ့ ကိုးကန့်လွတ်မြောက်ရေးတပ်မတော်(MNDAA)တို့ ပါဝင် ပါတယ်။

▪︎ကျိုက်ထိုမှာ စစ်ဘေးရှောင် ၂၀၀၀ ကျော် စားဝတ်နေရေးအခက်ကြုံ
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေခဲ့ရပြီး လူဦးရေ(၂၀၀၀)ကျော်ဟာ စားဝတ်နေရေးခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူ(ကရင်အမျိုးသားအစည်းအရုံး)က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံတပ်တွေဟာ ကေအဲန်ယူ-ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကျေးနယ်အတွင်း နယ်မြေကျူးကျော်ပြီး လက်နက်ကြီးအထိုင်ချတပ်စွဲထားကာ စက်တင်ဘာ ၁ ရက်က မဲရုံးလေးကျေးရွာထဲကို လက်နက်ကြီးငါးချက် ပစ်ခတ်ခဲ့တာပါ။

Public Service Announcement

▪︎သေဆုံးစစ်တပ်အရာရှိတွေအတွက် သိန်းသုံးထောင် လျော်ကြေးပေးဖို့တောင်းခံ
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော်ရွာတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ သုံးပွင့်ဗိုလ်ကြီးတစ်ဦးနဲ့ အခြားအရာရှိတွေအတွက် လျော်ကြေး ကျပ်သိန်းသုံးထောင်ပေးဖို့ စစ်ကောင်စီက ဒေသခံတွေကို အတင်းအကြပ်တောင်းခံနေတယ်လို့ PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ တချိန်တည်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မင်းကင်းမြို့နယ် တောင်တွင်းဒေသအတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြည့်နေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တယ် လို့ PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဖော်ပြပါတယ်။
▪︎ကသာနယ်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၁၆ လုံး စစ်ကောင်စီ ကြဲချတိုက်ခိုက်
ကသာမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်(ပ.က.ဖ)က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက ဆင်ကုန်တိုင်ကျေးရွာ၊ ချောင်းဝကျေးရွာ သွားရာလမ်းရှိ နှောတမ်းတောင်ယာတဲစုတွေပေါ်နဲ့ ဝက်တိုက်ကုန်းတောင်ယာတဲစုတွေပေါ်ကို ဗုံး ၁၆လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် လူနေအိမ်တွေ ပျက် ဆီးခဲ့ပေမယ့် ဒေသခံတွေ ပုန်းရှောင်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးလို့ သိရပါတယ်။
▪︎NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ချက်နိုင်ငံခြားရေးဝန်ကြီး လူချင်းတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာ ၂ ရက်ညနေ့ပိုင်းက ချက်နိုင်ငံမြို့တော် Prague မှာ ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ချက်သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဟာ ချက်သမ္မတဟောင်း ဗားကလက်ဟာဗဲလ်ရဲ့ အုတ်ဂူကို သွားရောက်ဂါရ၀ပြု လွမ်းသူ့ပန်းခွေချခဲ့ပါ တယ်။

●စစ်ကောင်စီအပေါ်ခုခံတော်လှန်စစ်ပွဲတွေ
▪︎ဖရူဆိုမှာ စစ်ကောင်စီယာဉ်တန်းကို KNDF တိုက်ခိုက်
ကရင်နီပြည်နယ် ဖရူဆိုမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာယာဉ်တန်းကို တိုက်ခိုက်ရာ ယာဉ်တစ်စီးပျက်စီးပြီး သုံးဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၅ က ဒီနေ့ထုတ်ပြန်ပါတယ်။ မနက်မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာလည်း KNDF က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ နှစ်ဦးထက်မနည်း ထိခိုက်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
▪︎အင်းစိန်CID ရုံးကိုပစ်မှတ်ထား ဗုံးခွဲ
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့(CID) ရုံးကို ပစ်မှတ်ထား ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ တယ်လို့ War Of Hunter Revolution Force-WOH က ထုတ်ပြန်ပါတယ်။ အဝေးထိန်းဗုံး တစ်လုံးကို အသုံးပြုဖောက်ခွဲခဲ့တာဖြစ်ပြီး ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။ WOH ရဲဘော်တွေကတော့ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

▪︎မြန်မာဘီယာစက်ရုံ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခံရ
ရန်ကုန်မြို့ အမှတ် (၃)လမ်းမကြီးပေါ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံကို အဝေးထိန်းဗုံးနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon UG Association(YUA)က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ စစ်အုပ်စုအနေနဲ့ မြို့ပြမှာ လုံးဝအုပ်ချုပ်ခွင့်မရစေရ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ထိခိုက်မှုတစ်စုံတစ်ရာရှိမရှိကို မသိရသေးဘူးလို့ ဆိုပါတယ်။

▪︎စစ်ကောင်စီတပ်ကို နွားထိုးကြီး PDF လက်နက်ကြီးနဲ့ ပစ်ခတ်
မန္တလေးတိုင်း၊ နွားကြီးမြို့နယ်ရှိ ပြင်စည်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးနိုင်တယ်လို့ နွားထိုးကြီး PDFက သတင်းထုတ်ပြန်ပါတယ်။ ပြင်စည်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
▪︎ကာဘိုးစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ကာဘိုးစစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနဲ့ ပျူ ၁၅ ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းအဖွဲ့များက Voice Of Taze ကိုသတင်းပေးထားပါတယ်။
▪︎မြိုင်မှာ စစ်ကောင်စီနဲ့ ပျူတွေ တပ်စွဲရာစခန်းကို ရှော့တိုက်ဒုန်းနဲ့ ပစ်ခံရ
မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တပ်စွဲရာစခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး (MVRF)က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂ ရက် ညပိုင်းက မြိုင်နယ် ကန်နီ(ပျူ)ရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာကို ရော့ကတ်တွေ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ပျူတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေအထိအခိုက်မရှိဘူးလို့ သိရပါ တယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး(UN)ရှေ့မှာ တရားမျှတမှုအတွက် တည်ရှိနေကြောင်း သက်သေပြပါ UN လို့ အဓိပ္ပာယ်ရတဲ့ “UN Prove Your Exsitence for Justice” စာသားကို ထားရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူတွေက မနေ့ ညပိုင်းက “Accept NUG and Our Ambassador, Reject Dictator” စာသားအား ကိုင်ဆောင်ပြီး အင်အားရာချီ ပါဝင်တဲ့ လူထုညသပိတ်ပြုလုပ်ခဲ့ပါတယ်။ အလားတူ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပြီး စစ်အာဏာရှင်ကို ငြင်းပယ်ဖို့ ဒီနေ့မနက်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု တော်လှန်ပြည်သူတွေက “အာဏာရှင်စနစ် အပြတ်တိုက်ဖို့ တောင်တန်းပြည်မ ညီညွတ်ကြ၊ အဆုံးသတ် ပြည်သူ့တိုက်ပွဲ တာဝန်သိစွာ ပါဝင်နွှဲ” စာသားကို တံတားတစ်ခုပေါ် ချိတ်ဆွဲပြီး ဆိုင်ကယ်တွေနဲ့ ပြောက်ကျားသပိတ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။



















































