မောင်တောမှာ စစ်ကောင်စီတပ် လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင်အမှတ်(၄၀) အနီးဝန်းကျင်နေရာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၊ တိုက်လေယာဉ်များ အသုံးပြုပြီး ဒီနေ့မနက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ မိုင်တိုင်(၄၀)ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ဩဂုတ် ၃၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စက်တင်ဘာ ၁ရက်ကစပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နောက်ပြီး ဩဂုတ် ၂၆ ရက်ကစပြီး AAက တိုက်ခိုက်နေတဲ့ ခမောင်းဆိပ်ဗျူဟာ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ဘဏ္ဍာရေးလိုအပ်ချက်မြင့်မားနေ
လုပ်ဆောင်နေဆဲအရေးပေါ်တုံ့ပြန်မှုနဲ့ လျော့နည်းလာတဲ့ထောက်ပံ့မှုပစ္စည်းတွေ ဖြည့်ဆည်းဖို့ ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှုဟာ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)ကထုတ်ပြန်ပါတယ်။ ရွေ့ပြောင်းဒုက္ခသည်တွေနဲ့ ပဋိပက္ခသင့်လူမှုအသိုင်းအဝိုင်းအတွက် လိုအပ်ချက်အသစ်တွေကို ဖြည့်ဆည်းပေးဖို့လည်း ဘဏ္ဍာရေးကူညီထောက်ပံ့မှုလိုအပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ဆက်လက်ရင်ဆိုင်ခံစားနေရသလို ငွေကြေးဖောင်းပွမှုကြောင့် အိမ်ထောင်စုတွေဟာ ငွေကြေးဆိုင်ရာဖိစီးမှုတွေနဲ့ လုံးပန်းနေရတယ်လို့ OCHA ရဲ့နောက်ဆုံး ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မန္တလေးမှာ စစ်အုပ်စုတွေ့ဆုံပွဲ ဗုံးထုခံရ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ပြုလုပ်တဲ့ စစ်အုပ်စုတွေ့ဆုံပွဲကို ဗုံးထုတိုက်ခိုက်ခဲ့ရာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး နှစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ MDY-PDF က ဒီ နေ့ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ် ရပ်ကွက်၊ ၄၀ × ၄၁ လမ်းနှင့် ၇၁ × ၇၂ ကြားရှိ ဗောဓိပင်ဘုရားဓမ္မာရုံအတွင်း စစ်အုပ်စုထောက်ခံသူတွေ စည်းရုံးဟောပြောပွဲကို ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အများအပြားဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့နေရာတွေကို ဝေးနိုင်သမျှ သတိထားနေထိုင်ကြဖို့ MDY-PDF က ထပ်မံတောင်းဆိုထားပါတယ်။

Public Service Announcement

ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး ပုသိမ်းမြို့ နေအိမ်မှာ အသတ်ခံရ
ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ ခရစ်ယာန်ဘာသာသင်းအုပ်ဆရာတစ်ဦး နေအိမ်မှာပင် အသတ်ခံရပြီး လူသတ်တရားခံက ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေကြေးတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်နေ ပိုးကရင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ဦးကျော်စိုးလတ်ဟာ စက်တင်ဘာ ၂ ရက်ညက အသတ်ခံခဲ့ရတာဖြစ်ပြီး သူ့အိမ် မှာ ခိုင်းစေလေ့ရှိတဲ့အလုပ်သမားတစ်ဦး တိမ်းရှောင်ထွက်ပြေးနေတာကြောင့် အဲဒီအလုပ်သမား ကို သံသယလူအဖြစ် ဒေသခံတွေက ယူဆနေပါတယ်။

ကော်ဘရာစစ်ကြောင်းကို လာထောက်လှမ်းတဲ့ စစ်တပ်ရဲ့ဒရုန်း ပစ်ချဖျက်ဆီးခံရ
မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာ လုံခြုံရေးယူထားတဲ့ ကော်ဘရာစစ်ကြောင်းကို လာထောက်လှမ်းနေတဲ့ စစ်ကောင်စီရဲ့ ဒရုန်းကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ Golden Eagles People Defense Force က သတင်းထုတ်ပြန်ပါတယ်။ ကော်ဘရာစစ်ကြောင်းရှိရာဘက်ကို စစ်ကောင်စီဘက်က စက်တင်ဘာ ၂ ရက် ည (၁၂) နာရီကျော်မှာ ညကြည့်ကင်းထောက်ဒရုန်းနဲ့ ထောက်လှမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖရူဆိုတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟု KNDF ထုတ်ပြန်
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်အုပ်စုကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၅က ဒီနေ့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းက ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအနီး ကင်းရှည် ဆွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ တပ်ဟာ နယ်မြေစိုးမိုးဖို့ ကြိုးပမ်းနေတာ တစ်လကျော်ရှိနေပြီဖြစ်ပေမယ့်လည်း တိုးမပေါက် သေးဘူးလို့ ကရင်နီသတင်းရင်းမြစ်က ပြောပါတယ်။
မြောင်မှာ စစ်ကောင်စီတပ်ကို တစ်ဦးတည်းခံပစ်ခဲ့တဲ့ ရဲဘော်တစ်ဦး ကျဆုံး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ဦးတည်းခုခံပစ်ခတ်ရင်း ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ မြောင်CDSOM အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီရဲဘော်ဟာ စစ်ကောင်စီတပ်ကြပ်ဟောင်းတစ်ဦးဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းနဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)မှ ကင်းထောက်ရဲဘော် နှစ်ဦးတို့ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ရဲဘော်တစ်ဦး လက်မောင်းဒဏ်ရာရရှိခဲ့တာကြောင့် ဒဏ်ရာရ ရဲဘော်ကို ပြန်ဆုတ်ခိုင်းကာ တပ်ကြပ်ဟောင်း ရဲဘော်ကတစ်ဦးတည်းခံပစ်ခဲ့တာလို့ သိရပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော်ဟာ ကျည်ဘောက် ၃ ခု ကုန်တဲ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ခုခံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေဘိုနယ်တွင် သေဆုံးပျူအလောင်းလာကောက်တဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ ပျူစောထီးအလောင်း လာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မနေ့ မနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ရွှေဘိုအနောက်ဘက် တက်တူကျေးရွာရှိ ပျူစောထီးသင်တန်းဆင်း စစ်ကောင်စီသတင်းပေး သန်းထိုက်ဆိုသူကို အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဆိုင်ကယ်တစ်စီးမှာ လုံးဝစုတ်ပြတ်သတ်သွားခဲ့ပြီး ပျူနှစ်ဦးလွင့်စင်ကျသွားကာ တစ်ဦးသေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ကျန်တစ်ဦးမှာလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့တာကြောင့် ဆိုင်ကယ်နှစ်စီးပေါ် ထမ်းပိုးသယ်ဆောင်ကာ ပြန်လှည့်သွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကော့ကရိတ်နယ်မှာ တပ်စွဲထားတဲ့ စစ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့နွဲကျေးရွာမှာ တပ်စွဲထားသော တပ်မ (၁၁) လက်အောက်ခံ တပ်စခန်းကို ဒရုန်း စစ်ဆင်ရေးနဲ့ ဗုံးသီးသုံးလုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Saw Dragon Drone Force-SDDF က ထုတ်ပြန်ပါတယ်။ ယင်းစစ်ဆင်ရေးကို စက်တင်ဘာ ၁ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးအားလုံး ပစ်မှတ်အနီးကို ကျရောက်ခဲ့တယ်လို့ SDDF က ထုတ်ပြန်ထားပါတယ်။ SDDF အနေနဲ့ မတ်လ ၁၅ ရက်မှ ဩဂုတ် ၂၈ ရက်အထိ ဝေဟင်စစ်ဆင်ရေး (၁၂)ကြိမ်ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၉ ဦးခန့်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မုံရွာ-မန္တလေးလမ်း ဖြတ်သန်းတဲ့ယာဉ်တွေ လိုက်နာရမယ့်အချက်တွေကို ဒေသတွင်း PDF တွေ ထပ်မံ သတိပေး
စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေတဲ့ ကာလ မပြီးဆုံးမချင်း မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုမယ့် မော်တော်ယာဉ်တွေ လိုက်နာရမယ့် အချက်တွေကို အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက မနေ့က ထပ်မံသတိပေးကြေညာခဲ့ပါတယ်။ မော်တော်ယာဉ်မှန်သမျှ ကားမှန်တွေချပြီး သင့်တင့်တဲ့အရှိန်နဲ့သာ မောင်းနှင်ကြဖို့၊ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း အရေးပေါ်အကြောင်းပြချက်တစ်ခုခုနဲ့ ဖြတ်သန်းသွားလာမယ်ဆိုရင် မုံရွာ – မန္တလေးလမ်းပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြဖို့ သတိပေးထားပါတယ်။

နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီး ပြည်သူတွေနဲ့ ကလေးမြို့မ သပိတ်အင်အားစုတွေက “Accept NUG and Our Ambassador, Reject Dictator” စာသားစွဲကိုင်ပြီး ကုလသမဂ္ဂအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့၊ NUG ကို ထောက်ခံအသိမှတ်ပြုဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီကို ငြင်းပယ်ဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မှာလည်း “Judge Military. Save Myanmar” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတောင်းဆို ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။


















































