▪︎ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရရင် မြန်မာပြည်ကို နောက်တစ်ကြိမ်မလာဘူးလို့ကုလအထူးကိုယ်စားလှယ်ဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးရင် မြန်မာနိုင်ငံကို ဒုတိယ အကြိမ်ခရီးစဉ်လာရောက်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နိုလင်းဟေဇာက ဒီနေ့ပြောဆိုပါတယ်။ ဩဂုတ်လလယ်ပိုင်းက မြန်မာပြည်ကို ပထမဆုံးအကြိမ်လာရောက်ခဲ့တဲ့ ကုလအထူးကိုယ်စားလှယ်ဟာ ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရဘဲ ပြန်သွားခဲ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ သာတွေ့ဆုံနိုင်ခဲ့တဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို မေးခွန်းထုတ်သူတွေရှိပြီး ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒီနေ့စင်ကာပူမှာပြုလုပ်တဲ့ ဟောပြောပွဲမှာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အလွန်အမင်းစိုးရိမ်တယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

▪︎ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးချမှတ်တဲ့ စစ်ကောင်စီကို အီးယူ ရှုတ်ချ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဒဏ် ၃နှစ် မတရားသဖြင့် ထပ်မံချမှတ်လိုက်တဲ့အပေါ် ဥရောပသမဂ္ဂ(EU)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ စစ် ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုတယ်လို့ အီးယူ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရယ်လ်က ထုတ်ပြန်ပါတယ်။
▪︎ကုလသံတမန်ရေးတိုက်ပွဲအတွက် ဆောနယ်ခံ ထောင်ချီဆန္ဒထုတ်ဖော်ပွဲမှာ ဒေါက်တာဇော်ဝေစိုးနဲ့ ဒေါက်တာတေဇာဆန်းတို့ ရုပ်သံကနေ မိန့်ခွန်းပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနဲ့ ပြည်သူ့အစိုးရ၊ ပြည်သူ့သံအမတ်ကြီးကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ မကွေးတိုင်း ဆောမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။

Public Service Announcement

အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ The Youth Force (Saw-Kyaukhtu)က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေကလည်း အင်အားဖြည့် ပူးပေါင်းကူညီပေးကာ လုံခြုံရေးရယူပေးခဲ့ပါတယ်။ နောက်ပြီး ဆန္ဒပြပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့က ရုပ်သံကနေ တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

▪︎ကျွန်းလှနယ် ရွာကိုးရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀၀ ကျော်ပျက်စီး
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူလူထု နေအိမ်များကို မီးရှို့ခဲ့ရာ ဆယ်ရက်ကျော်အတွင်း အိမ်ခြေ ၄၀၅ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန် ပါတယ်။ မီးရှို့ခဲ့တဲ့အပြင် တည်ပင်ဆိပ်ရွာမှာ စစ်ကောင်စီတပ်က အပြစ်မဲ့ဒေသခံပြည်သူ ၈ ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် နောက်ဆုံးပတ်က ကျွန်းလှ-ကောလင်း-ကန့်ဘလူနယ်စပ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက် မှုကြောင့် အထိနာခဲ့ပြီး အဲဒီလိုအထိနာခဲ့လို့ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခြင်း၊ သတ်ဖြတ်ခြင်းတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
▪︎အမျိုးသမီးရဲဘော်တစ်ဦးပါဝင်တဲ့PDFအဖွဲ့ က ပခုက္ကူတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်
မကွေးတိုင်း၊ ပခုက္ကူတံတား စစ်ဆေးရေးဂိတ်ကို အမျိုးသမီးတစ်ဦးအပါအဝင် PDF သုံးဦးက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်နှစ်လက်ပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့မွန်းလွဲပိုင်းက ပခုက္ကူ ဧရာဝတီတံတား တောင်ဘက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးကို ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့- (တပ်ဖွဲ့-၂)ရဲ့ အမျိုးသားရဲဘော်နှစ်ဦးနှင့် အမျိုးသမီးရဲဘော်တစ်ဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ဆေးရေးလုပ်ဆောင်ခဲ့သူတွေရဲ့ တော်လှန်စိတ် ပြင်း ထန်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ရဲရင့်မှု၊ ဇွဲလုံ့လပြည်၀မှုတွေကို ဒေသခံတွေက ဂုဏ်ပြုထားပါတယ်။

●စစ်ကောင်စီအပေါ်ခုခံတော်လှန်စစ်ပွဲတွေ
▪︎ကော့ကရိတ် ကျေးလက်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်
ကျေးလက်ဒေသစစ်ဆင်ရေးအဖြစ် ကရင်ပြည်နယ် ကော့ကရိတ်မြို့ တောင်ကြာအင်း(ဟောင်သယော)တံတားထိပ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီ တပ်ဘက်က သုံးဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
▪︎မြောင်ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဒေသခံ ပြည်သူနှစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၃၁ ရက် ညပိုင်းက သနပ်ကုန်းကျေးရွာ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး သူတို့ရဲ့ အကြမ်းဖက်ပစ် ခတ်မှုတွေကြောင့် ဒေသခံပြည်သူလေးဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် မြစ်သာကျေးရွာမှ ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေရဲ့ ဆိုင်ကယ် ၇ စီး၊ စက်ဘီး ၄ စီး ပျမ်းမျှတန်ဖိုး ကျပ်သိန်း ၃၀ ကျော်ခန့်ကို စစ်ကောင် စီတပ်က မီးရှို့ခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ကို ရှေ့ထွက်မိုင်းကြီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး သုံးဦးပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ကျေးရွာတပ်ပေါင်းစု(Myaung)က အသိပေးပါတယ်။
▪︎ပခုက္ကူမှာ ကင်းပုန်းထွက်လာတဲ့ စစ်အုပ်စုကို ပစ်ခတ်ရာ တစ်ဦးသေ
မကွေးတိုင်း ပခုက္ကမြို့နယ် အင်ပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချို့ ကင်းပုန်းထွက်တာကို အလစ်အငိုက် ဝင်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးသွားတယ်လို့ Royal Defence Force (PKU)R.D.F က ထုတ်ပြန်ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် ကင်းပုန်းထွက်လာတဲ့ စစ်အုပ်စုမှ ကျန်စစ်သားတွေဟာ အင်ပင်ရွာအတွင်းကို ပြန်လည်ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် R.D.F အဖွဲ့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
▪︎တနင်္သာရီပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနဲ့ ပျူအဖွဲ့မှ ငါးဦးသေဆုံးဟုဆို
တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ ငါးဦးသေဆုံးတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့မနက်ပိုင်းက လယ်သစ် နဲ့ ထိန်ချောင်းဝ ကျေးရွာဘက်ကို စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊ တနင်္သာရီ (ပ. က. ဖ) တနင်္သာရီကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီထိတွေ့မှုမှာ စစ်ကောင်စီတပ်သား သုံးဦးနဲ့ ပျူစောထီး နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
▪︎မုံရွာ-မန္တလေးလမ်းပိုင်းတိုက်ခိုက်မှုမှာ တောင်သာ PDF သွားရောက်ပူးပေါင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဉ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ဖြစ်စဉ်မှာ မန္တလေးတိုင်းအခြေစိုက် PDF တောင်သာအဖွဲ့ကပါ သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အံစာတုံးကားနှစ်စီးကို အလ္လကပ္ပနဲ့ ဝမ်းပြည့်ရွာကြားမှာ ပဒေသာမိုင်း (၅)လုံးတွဲနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုအခြေအနေကို ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
▪︎ကူမဲနယ် စစ်ကောင်စီခန့် အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့မှ စစ်ကောင်စီခန့် တလိုင်းကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး သန့်ဇင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ဒီနေ့ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းက ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(K.D.D.F)နဲ့ Urben Gurrilla Force-Kume တို့ပူးပေါင်း သုတ်သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ အုပ်ကြီးသန့်ဇင်ကို အရင်က သုတ်သင်ရှင်းလင်းဖူးပေမယ့် အသက်မပေးဘဲ စစ်ကောင်စီကို သတင်းပေးပြုလုပ်ခြင်း၊ ပြည်သူလူထုကို ခြိမ်းခြောက်အကြပ်ကိုင် ငွေညှစ်ခြင်း တွေ အရင်ကထက် ပိုမိုပြုလုပ်လာတာကြောင့် ရှင်းလင်းရခြင်းဖြစ်တယ်လို့ KDDF က ရှင်းပြပါ တယ်။
▪︎PDF ကို ထောင်ဖမ်းမယ်လို့ လေလုံးထွားတဲ့ ပျူတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ PDF ကို ထောင်ဖမ်းမယ်လို့ ကြွေးကြော်ခဲ့တဲ့ ပျူစောထီးဟု နာမည်ကြီးနေသူအမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ် လို့ သိရပါတယ်။ မနေ့ မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာမှာ နေထိုင်တဲ့ ပျူစောထီး ဇော်လွင်ဌေး(ခ)နဂါး ဆိုသူဟာ ခင်ဘန်းကျေးရွာအနီး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ Voice Of Wundwin က အသိပေးပါတယ်။ အဲဒီ ဇော်လွင်ဌေးဟာ အကြမ်းဖက် စစ်ကောင်စီအားကိုးနဲ့ ဆက်လက်မိုက်မြဲမိုက်နေတာကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု WTRF က ပြောပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ “တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ”လို့ ဒီနေ့ ကြွေးကြော်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ရက်ပေါင်း (၅၄၃) ရက်မြောက်အဖြစ် ဆက်လက် ချီတက်ခဲ့ကြတာလည်းဖြစ်ပါတယ်။


















































