▪︎လူထုလိုလားတဲ့ ပန်းတိုင်အမြန်ရရေး အားတင်းကြိုးစားဖို့ NUG ယာယီသမ္မတပြော
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြေညာခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ မနက်ဖြန် စက်တင်ဘာ ၇ ရက်မှာ (၁)နှစ်ပြည့်မှာ ဖြစ်ပြီး တစ်နှစ်အတွင်း အောင်မြင်မှုများ၊ စိန်ခေါ်မှုများ ထိခိုက်နစ်နာမှုများ ရှိခဲ့တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ထိခိုက်နစ်နာမှုတွေကို သင် ခန်းစာအဖြစ် ယူကာ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့လိုတယ်လို့ ယာယီသမ္မတ ဆိုပါတယ်။ နောက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက စစ်ကောင်စီဟာ အင်အားစုံသုံးကာ ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို ဖြိုချလို့မရသေးတာကို ကြည့်ရင် အောင်ပွဲဆီကို လျှောက်လှမ်းနေတာလို့ ပြောပါတယ်။ တော်လှန်ရေးကြာလေ၊ ပြည်သူနာလေ၊ တိုင်းပြည်နာလေမို့ အခုလောက် ရှည်ကြာနေတာကို မချင့်မရဲဖြစ်ရတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

▪︎အမေရိကန်ဆီအပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ရရှိရေး နည်းလမ်းအသစ်နဲ့ NUG ကြိုးပမ်း
စစ်တပ်အာဏာသိမ်းချိန်မှာ အမေရိကန်အစိုးရက ထိန်းချုပ်ထားခဲ့တဲ့ ငွေသား ဒေါ်လာ ၁ ဘီလီယံကို ဒစ်ဂျစ်တယ် ငွေကြေး စနစ်နဲ့ အသုံးပြုနိုင်အောင် လိုက်လျော လက်ခံပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ကညှိနှိုင်းတောင်းဆိုထားတယ် Bloomberg သတင်းဌာနကဖော်ပြပါတယ်။ အမေရိကန်ဟာ NUG ကို လိုလားထောက်ခံတဲ့ သဘောထားမျိုး ပြသနေပေမယ့် မြန်မာနိုင်ငံပိုင် အရန်ငွေကြေး ဒေါ်လာ ၁ ဘီလီယံကိုတော့ လွှဲအပ်ပေးဖို့ သဘောမတူသေးပါဘူး။ ဒီအခြေအနေမှာ NUGကတော့ ကိုယ်ပိုင် ဗဟိုဘဏ် အသစ်တစ်ခု ထူထောင်ဖို့နဲ့ ဒီငွေကြေးတွေကို ဒစ်ဂျစ်တယ် စနစ်နဲ့ ပြောင်းလဲပြီး လက်လွှဲယူနိုင်မယ့် နည်းလမ်းတွေကို ကြိုးစား အကောင်အထည် ဖော်နေတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

▪︎NUG ကြားကာလပညာရေး စာမေးပွဲကို ကျောင်း ၆၀၀၀ ကျော်ဝင်ရောက်ဖြေဆိုနေ
မကွေးတိုင်း ဂန့်ဂေါနယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ကြားကာလပညာရေးကျောင်း (၇၇)မှ ကျောင်းသူ၊ ကျောင်းသားတွေကို အခန်းဆုံးစစ်ဆေးအကဲဖြတ်ခြင်းများ လုပ်ဆောင်နေရာ ကျောင်းသား ၆,၀၀၀ကျော် ဝင်ရောက် ဖြေဆိုနေတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့(ယာယီ)က ပြောပါတယ်။

Public Service Announcement

အခန်းဆုံးစစ်ဆေးမှုတွေကို စက်တင်ဘာ ၄ ရက်က စတင်ခဲ့တာဖြစ်ပြီး ကြားကာလပညာရေးအောင်မြင်စေရန် ဘုန်းတော်ကြီးများ၊ CDM ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စေတနာထားဆောင်ရွက်ခဲ့ကြတာလို့ဆိုပါတယ်။ ဂန့်ဂေါတစ်မြို့နယ်လုံးမှာ ကြားကာလပညာရေးကျောင်း (၇၇)ကျောင်းရှိရာ အတန်းအားလုံးအတွက် ကျောင်းသား၊ ကျောင်းသူအရေအတွက် (၁၁,၈၂၈)ဦးရှိပြီး CDM ဆရာ၊ ဆရာမများနဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၂၀၉ဦးနဲ့ပညာသင်ကြားပေးနေပါတယ်။

▪︎စစ်ခေါင်းဆောင်တွေ လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်းဖြစ်နေတယ်လို့ AA ထုတ်ပြန်
စစ်ကောင်စီ ခေါင်းဆောင်တွေဟာ လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်းဖြစ်ကာ စစ်ရာဇဝတ်မှုကို ဦးတည်စေတဲ့ အမိန့်ပေးခြင်းမျိုးနဲ့ လုပ်ရပ်တွေကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုတိုင်းကို ရန်သူလို့ သဘောထားကာ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တွေကို မလုပ်သင့်တဲ့ နည်းလမ်းတွေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ AA က ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ဦးမှာတိုက်ပွဲတုဖန်တီးပြီး မြောက်ဦးစျေးကို မီးရှို့ဖို့ကြံနေတယ်လို့လည်း AA က ထုတ်ပြန်ပါတယ်။

▪︎မန္တလေးတိုင်း NLD ပါတီအတွင်းရေးမှူးကို စစ်ကောင်စီ ထောင်ထပ်ချ
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလို့ ပါတီရုံးရှေ့မှာ လူထုလာရောက်ကာ အောင်ပွဲခံတာနဲ့ပတ်သက်ပြီး မန္တလေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကို ကို စစ်ကောင်စီက မတရားသဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်။ ဦးတင်ကိုကိုဟာ အာဏာသိမ်းတဲ့ ရက်ကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာမှာ ထောင်ဒဏ် ၂ နှစ်ချခံထားရပါတယ်။
▪︎၆ လအတွင်း ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူ ၃ သန်းကျော်ကို အကူအညီပေးနိုင်ခဲ့တယ်လို့ OCHA ထုတ်ပြန်
ကုလသမဂ္ဂဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ၃.၁ သန်းကျော်ကို ၂၀၂၂ ပထမခြောက်လအတွင်း ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)က အစီရင်ခံပါတယ်။ ထိခိုက်ခံစားရသူတွေကို အကူအညီ ပံ့ပိုးနိုင်ဖို့ လမ်းကြောင်းကန့်သတ်ချက်တွေနဲ့ ရန်ပုံငွေရရှိရေး စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက အကူအညီထောက်ပံ့မှုပုံစံတစ်မျိုးမျိုးနဲ့ မရှိမဖြစ် အသက်ကယ်နဲ့ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေကို အရှိန်အဟုန်မြှင့်ပြီး ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
▪︎စစ်တပ်နဲ့ ပျူပေါင်းကာ ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီး
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူတွေက ကျေးရွာနှစ်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့လို့ နေအိမ် ၁၆လုံး ပြာကျခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အိုးဘိုရွာနဲ့ ကန်နက်ရွာတို့ မီးရှို့ဖျက်ဆီးခဲ့ရတာဖြစ်ပြီး အခု မီးရှို့ခဲ့ရတာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
▪︎ဘုတလင်နယ်မှာ စစ်တပ်က နေအိမ် ၂၀ လောက်ကို မီးရှို့ပြီး ဒေသခံ ၃ ဦးကို သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ မောင်းထောင်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက် အကြမ်းဖက်မီးရှို့ခဲ့တာကြောင့် နေအိမ်၂ဝခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ သုံးဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ် မီးရှို့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း အနောက်ဇီးတောရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူနှစ်ဦးကို ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
▪︎စစ်ကောင်စီအပေါ်ခုခံတော်လှန်စစ်ပွဲတွေ
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ သုံးရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး စစ်ကား တစ်စီး မြောင်းထဲထိုးကျပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO Local PDF)က ဒီနေ့ထုတ်ပြန်ပါတယ်။ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ် ကားတစ်စီး မြောင်းထဲ ထိုးကျခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။
ထို့နောက် စက်တင်ဘာ ၄ရက်တွင် ငွေတောင်ရွာသစ်ကျေးရွာမှ ဒီးမော့ဆိုမြို့ဘက်သို့ဦးတည်လာသော စစ်ကောင်စီယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့မှ နံနက်ပိုင်းအချိန်တွင် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ကာ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် စစ်ကောင်စီတပ် ကားတစ်စီး မြောင်းထဲထိုးကျပျက်စီးခဲ့သည်။
▪︎ရှိန်းမကားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒရုန်းငါးစင်းနဲ့ ဗုံးချတိုက်တိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒရုန်းငါးစင်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့-ဝက်လက်က သတင်းထုတ်ပြန်ပါတယ်။ မနေ့မွန်းလွဲပိုင်းက ရှိမ်းမကားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစခန်းကို ဒရုန်းငါးစင်းဖြင့် (၈)ကြိမ်တိုင် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စခန်းတွင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ တော်လှန်ပြည်သူတွေက ဒီနေ့မနက်ပိုင်းမှာ “စစ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ သခင်စိတ်နဲ့ တိုက်ကြစို့” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ကြွေးကြော်ဆန္ဒပြခဲ့ပြီး “UN Stand for U Kyaw Moe Tun. Stand for Freedom” စာသားနဲ့လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက် လက်ထားရှိဖို့ တောင်းဆိုခဲ့ပါတယ်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီကလည်း “Accept NUG and Our Ambassador, Reject Dictator” ၊ “UN , Prove your existence for justice” စာသားပါ ဘန်နာတို့ကို ကိုင်ဆွဲကာ ပြည်သူ့အစိုးရ NUG နဲ့ ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လက်ခံဖို့ ၊ စစ်အာဏာရှင်ကို ငြင်းဆန်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ပြင်ဦးလွင်မှာ မေမြို့ပင်မအထွေထွေပင်မသပိတ် အင်အားစု ဦးဆောင်ပြီး “Accept NUG and Our Ambassador, Reject Dictator” စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယောလူထုကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထောက်ခံကြောင်း၊ မြန်မာပြည်သူတွေ ရွေးချယ်ထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး ဒီနေ့ မနက်ပိုင်းက တောင်းဆိုဆန္ဒပြခဲ့ပြီး အဲဒီ သပိတ်စစ်ကြောင်းကို ယောလူထုတိုက်ပွဲကော်မတီနဲ့ YDF SAW ရဲဘော်တွေက လုံခြုံရေးအတွက် ဝိုင်းရံကူညီစောင့်ရှောက်ခဲ့ပါတယ်။


















































