လူထုတော်လှန်ရေး အားကောင်းလာခြင်းကြောင့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ခုခံမှုအားကောင်းသောဒေသရှိ ကျေးလက်ဒေသအများစုထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
ထိုဒေသများအတွင်း လုံခြုံရေးအတွက် ကျေးရွာအလိုက် ကျေးရွာကာကွယ်ရေးအဖွဲ့များ ၊ရပ်ရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရပ်ကျေး ပကဖ) များဖွဲ့စည်းတည်ထောက်လာကြသည်။ ထိုအဖွဲ့များသည် ကျေးရွာများအတွင်း တရားဥပဒေစိုးမိုးရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လာကြသည်။
လူငယ်များဖြင့် ဖွဲ့စည်းထားသော ရပ်ကျေးပကဖများသည် ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက်အဓိကကူညီ ဆောင်ရွက်ရသည်။ ကျေးရွာအတွင်း ရာဇဝတ်မှုများ၊ ခိုးဆိုးလုယက်မှုများ၊ မူးယစ်ရမ်းကားမှုများကို ကိုင်တိုင်ဖြေရှင်းကြရသည်။




လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော်လည်း ကျေးရွာအတွင်း ရပ်မိရပ်ဖများ၏ ဦးဆောင်မှုများဖြင့် ဆောင်ရွက်ကြသည်။ တချို့နေရာများသည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြို့နယ်ပအဖ) များက တိုက်ရိုက်ကွပ်ကဲမှုများရှိသည်။ သို့သော်လည်း အများစုမှ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းဆောင်ရွက်ကြခြင်းဖြစ်သည်။

Public Service Announcement
“လက်နက်ကိုင်ထားပီး ပါဝါအာဏာပြချင်စိတ်မရှိပါဘူး ပြည်သူကိုကာကွယ်ပေးနိုင်ရမယ်ဆိုတဲ့စိတ်ပဲရှိတာပါ။ ပြီးတော့ MODကထုတ်ပြန်ထားတဲ့ လိုက်နာရမယ့်စည်းမျဥ်းစည်းကမ်းတွေလည်း ထုတ်ပြန်ထားပါတယ်”ဟုဟု မကွေးတိုင်းမှ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါလူငယ်အများစုသည် စစ်ပညာကို စနစ်တကျသင်ကြားခွင့်မရသေးသူအများစုပါဝင်သည်။လူငယ်များတွင် အများစုမှာ လက်လုပ်သေနတ်များ၊ တစ်လုံးထိုးသေနတ်များဖြင့်ပင်ကျေးရွာကာကွယ်ရေးအတွက် ဆောင်ရွက်ရသည်။
အချို့ရွာများတွင်မူ မောင်းပြန်သေနတ် အနည်းငယ်ရှိကြသည်။ ထိုအဖွဲ့များအတွက် ကုန်ကျစရိတ်များကို ကျေးရွာက စုပေါင်းကျခံကြသည်။




“ရွာနားမှာ တိုက်ပွဲဖြစ်ရင် PDFအဖွဲ့တွေကို ခေါ်လို့မရခင်၊ ကိုယ်ရွာကို ကာကွယ်ဖို့ ပါ”ဟု ပခုက္ကူခရိုင်က ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကပြောသည်။
မကွေးတိုင်းရှိ တော်လှန်ရေအားကောင်းပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများကြီးစိုးသည့် ရွာများအပ ကျေးရွာကာကွယ်ရေးအဖွဲ့များ ရှိကြသည်။
ကျေးရွာကာကွယ်ရေးအဖွဲ့များသည် စစ်ကောင်စီတပ်၏ ထိုးစစ်များကို ခုခံကာကွယ်ရန် ၊တိုက်ပွဲဝင်ရန် အထိ့တော့လက်နက်အင်အား မမျှကြပါ။အကြမ်းဖက် စစ်ကောင်စီတပ်သည်စစ်ကြောင်းထိုးလျှင် တွေ့ရှိသည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အသေပစ်သတ်လေ့ရှိသည်။ ဖမ်းဆီးရမိသည့် လူငယ်များကိုလည်း ရက်ရက်စက်စက်ညှင်းပန်းနှိမ့်စက်ပြီး သတ်ဖြတ်လေ့ရှိသည်။
စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်ပါးစေ ပျူစောထီးများနှင့်ထိပ်တိုက်တွေ့ပြီးအဖမ်းခံရပါက ရက်ရက်စက်စက် နှိမ့်နှင်းနေသော်လည်း လူငယ်များကတော့ ရဲဝံ့စွာဖြင့်ပင် စစ်အာဏာသိမ်းမှုကို တော်လှန်ရင်း မိမိရပ်ရွာကို ကာကွယ်နေဆဲဖြစ်သည်။
“မတရားတာကို မျက်စိထဲမြင်တဲ့အခါမှာ လက်ပိုက်မကြည့်နိုင်တဲ့စိတ်ကြောင့်မို့လို့ ဒီအဖွဲ့ထဲရောက်လာတာပါ”ဟု အသက် ၂၁ နှစ်အရွယ်ရှိဟု ပေါက်မြို့နယ်မှ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“တော်လှန်ရေးပြီးသွားရင်တော့ ကာကွယ်ရေးအပိုင်းမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ချင်ပါတယ်။ ငယ်ငယ်ကတည်းကလည်း ဝါသနာပါခဲ့ပါတယ်ဗျ”ဟုအထက်ပါ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်ကသူ၏ ဆန္ဒကိုပြောသည်။


















































