Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၂ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎အမေရိကန်သမ္မတရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ မြန်မာစစ်တပ်ရဲ့ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို ထည့်ပြော

မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေကို ဆိုးရွားစွာချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးထံ အသေးစိတ်အစီရင်ခံထားတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မနေ့က ပြောပါတယ်။ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မိန့်ခွန်းပြော ကြားတဲ့အစီအစဥ်မှာ သမ္မတဘိုင်ဒင်က မြန်မာ့အရေးကို ထည့်သွင်းပြောဆိုခဲ့တာပါ။ နောက်ပြီး ကုလသမဂ္ဂပဋိဥာည်မှာ ထည့်သွင်းရေးဆွဲထားတဲ့ လူ့အခွင့်အရေးတွေနဲ့ စံတန်ဖိုးတွေကို နိုင်ငံအတွင်းနဲ့ ကမ္ဘာတ၀န်းမှာ အမေရိကန်က အမြဲမြှင့်တင်သွားမယ်လို့ သမ္မတဘိုင်ဒင်က ပြောပါတယ်။

▪︎ဆိုးရွားနေတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ အမေရိကန် ဆွေးနွေးနေ

ကျင်းပနေဆဲ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ Sidelines တွေ့ဆုံမှုတွေမှာ ဆိုးရွားနေတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဒါးရက်ချိုလက်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေး မြန်မာပြည်သူတွေရဲ့ဆန္ဒအတွက် အမေရိကန်က ဆက်လက်ကြိုးပမ်းမယ်လို့ သူက ဆိုပါတယ်။ နောက်ပြီး ဒါးရက်ချိုလက် ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးတို့ဟာ မနေ့က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ အမေရိကန်အစိုးရက စစ်ကောင်စီအပေါ် ဆက်လက်တိုးမြှင့် လုပ်‌ဆောင်မယ့် စီးပွါးရေးပိတ်ဆို့အရေးယူမှုအပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

▪︎မြန်မာစစ်တပ်ရဲ့လက်နက်ပွဲစားတွေကို ချက်ချင်းအရေးယူပိတ်ဆို့ဖို့ EU ကို JFM တောင်းဆို

ဥရောပသမဂ္ဂ(EU)ဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတွေကို ချက်ချင်းအရေးယူပိတ်ဆို့ဖို့ Justice For Myanmar က ဒီနေ့တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ပတ်သက်လို့ အီးယူရဲ့နောက်ဆုံးအရေးယူပိတ်ဆို့မှုဟာ လွန်ခဲ့တဲ့ ၇ လကျော်ကဖြစ်ပြီး တရားမဝင်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ဆင်ခြင်မှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ နိုင်ငံရေးအကျဥ်းသားတွေကို ကွပ်မျက်မှုတွေနဲ့ ကျောင်းသားကလေးငယ်တွေကို သတ်ဖြတ်မှုတွေနဲ့အတူ ပိုမိုပြင်းထန်စွာလုပ်ဆောင်လာတယ်လို့ JFM က ပြောပါ တယ်။ မြန်မာစစ်ကောင်စီရဲ့ ဆက်လက်ကျူးလွန်နေဆဲ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေမှာ အီးယူအပါအ၀င် နိုင်ငံတွေဆီကနေ ငွေကြေးများ၊ လက်နက်များ၊ ဆက်စပ်ပစ္စည်းများကို ရရှိနေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီးယူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီငါးခုစာရင်းကို JFM က ဖော်ထုတ်ခဲ့ပြီး အရေးပေါ်ဒဏ်ခတ်ပိတ်ဆို့ရန်တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

▪︎နိုင်ငံတကာဥပဒေတွေနဲ့ အညီ စစ်တပ်ကို အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ CRPH ထုတ်ပြန်

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာဥပဒေတွေနဲ့ အညီ အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်အသုံးပြုကာ လူမဆန်စွာ တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ နိုင်ငံတကာ အစိုးရများ၊ လွှတ်တော်များက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနဲ့ ကန့်ကွက်ရှုတ်ချခြင်းအပါအဝင် ဖြစ်နိုင်သမျှ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးနိုင်ရေး ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့၊ အာဆီယံပါလီမန်များအဖွဲ့တွေထံကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး အဲဒီဖြစ်စဥ်စတင်ဖြစ်ပွားတဲ့ စက်တင်ဘာ ၁၆ ရက်ကစလို့ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအဖွဲ့များနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အခုသီတင်းပတ်အတွင်း နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း သူ့ရဲ့ အစည်းအဝေးတွေမှာ အဲဒီလူမဆန်တဲ့ စစ်ရာဇဝတ်မှုကို ဦးစားပေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

▪︎မိုးညှင်း NLD အမတ် ဦးမျိုးကျော် စစ်ကြောရေးမှာသေဆုံး၊ အလောင်းပင်ပြန်မရ

မိုးညှင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်ဟာ စစ်ကောင်စီ​ရဲ့ စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့ပြီး သူ့ရဲ့မိသားစုဝင်တွေဟာ ရုပ်အလောင်းပြန်မရခဲ့ဘူးလို့ NLD လွှတ်တော်အမတ်အချို့က ပြောပါတယ်။ မည်သည့်နေရာမှာ သဂြ်ိုလ်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ NLD ပါတီကိုယ်စားပြုပြည်နယ်အမတ် ဦးမျိုးကျော်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်အတွင်း ဖမ်းဆီးခဲ့တာပါ။ ဦးမျိုးကျော်နဲ့အတူ ဖားကန့်သပိတ်ခေါင်းဆောင်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသူနှစ်ဦးစလုံး သတင်းအစအနပျောက်နေရာမှ တစ်လနီးပါးအကြာမှာ ဦးမျိုးကျော်သေဆုံးကြောင်းသတင်းထွက်ပေါ် လာ​​ခဲ့တာဖြစ်ပါတယ်။

▪︎စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၃)တို့ နှစ်ပတ်ကြာတိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကနေ ဆင်းလာတဲ့ စစ်ကောင် စီတပ်ကို KNU တပ်မဟာ(၃) တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲဖြစ်ပွားမှု ၂ပတ်ကြာမြင့်ကာ စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းလျက်ရှိတယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၇ ရက်က အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဟာ တပ်မဟာ(၅)ဘက်မှ အင်အား ၂၀၀ကျော်နဲ့ ပြန်ဆင်းလာကာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ထိုးစစ်ဆင် နေ့စဉ်တိုက်ပွဲဖြစ်ပွါးနေတာပါ။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၄ ရက်မှာ အင်အား ၁၅၀ခန့် အင်အားဖြည့်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်မှာ အင်အား ၅၀ ကျော်ထပ်မံ အင်အားဖြည့်ခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

▪︎မောင်တော တောင်ပြိုလက်ဝဲမှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့အနီး ဒီနေ့မနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ သိရပြီး တိုက်ပွဲမှာ ထိခိုက်ကျဆုံးအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လတ် တလောမှာ တိုက်ပွဲများဖြစ်ပွားပြီး စစ်ရေးအရှိန်မြင့်တက်နေတဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတွေကို ဖမ်းဆီး စစ်ဆေးမှုများ ပိုမိုပြုလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ငွေတောင်အခြေစိုက် စစ်ကောင်စီရဲ့ ၁၀၂ တပ်တွင်းရှိ လက်နက်တိုက်မီးလောင်

ပြည်သူလူထုကို နေ့စဉ်လက်နက်ကြီးနဲ့ ပစ်ခက်သတ်ဖြတ်နေတဲ့ (၁၀၂) တပ်တွင်းရှိ လက်နက်တိုက်မီးလောင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းကစလို့ ဒီးမော့ဆိုမြို့နယ်အတွင်း KNDF ၊ကရင်နီတပ်မတော် KA နှင့် PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေခဲ့ပါတယ်။ အဲဒီထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး အဆမတန် ပစ်ခတ်နေတဲ့ ငွေတောင်အခြေစိုက် (၁၀၂) တပ်ရင်းထဲရှိ လက်နက်တိုက်တစ်ခုမှာ ဒီနေ့ မွန်းလွဲပိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ကာ မီးလောင်ကျွမ်း ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်မှ မီးငြိမ်းဖို့ ကြိုးစားနေခဲ့ပေမယ့် ကရင်နီပူးပေါင်းတပ်တွေက တာဝေးပစ် လက်နက်ကြီးအချို့ အသုံးပြုကာ ထပ်မံပစ်ခတ်ခဲ့တာကြောင့် မီးလောင်ကျွမ်းနေတဲ့လက်နက်တိုက်များမှာအဆင့်ဆင့် အဆက်မပြတ် ပေါက်ကွဲနေခဲ့ပါတယ်။ ညနေပိုင်းအထိ မီးလောင်ကျွမ်းနေခဲ့ကာ စစ်ကောင်စီတပ်တွင်းမှာလည်း အော်ဟစ်ဆူညံမှုတွေ ဖြစ်ပေါ်နေခဲ့တယ်လို့ KNDF က ပြောပါတယ်။

▪︎စစ်ကောင်စီယာဉ်တန်း ကျိုက်ထိုမှာ တိုက်ခိုက်ခံရ

ပဲခူးမြို့နယ်ဘက်က ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဝေါမြို့နယ်ကနေ ဘီးလင်းမြို့ဘက်ကို ဦးတည်လာတဲ့ ယာဉ်လေးစီးပါစစ်ကောင်စီယာဉ်တန်းဟာ ကျိုက််ထိုမြို့ကို ဖြတ်သန်းစဥ် ဘိုက္ကားကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အသေအပျောက်ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ မသိရသေးပါဘူး။

▪︎မင်းကင်းနယ် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDFဝင်တိုက်၊ စစ်သားနဲ့ ပျူ လေးဦးသေပြီး လက်နက်များပါ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ် တောင်ယာတောဆိပ်ကမ်းရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းကင်း PDFအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ​စစ်သားနဲ့ ပျူ လေးဦးသေဆုံးပြီး လက်နက်များပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဥ်က ဖော်ပြပါတယ်။ တိုက်ခိုက်ခံရချိန်မှာ စစ်သား၊ရဲနဲ့ပျူတွေ ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီး ဂိတ်ကနေ MA-3 တစ်လက်၊ လက်လုပ်အတို သုံးလက်၊ ဖုန်း လေးလုံး၊ ပြည်သူတွေဆီကနေတောင်းယူထားတဲ့ ပိုက်ဆံ ၈သိန်း၊ ကျည်ကာတစ်ထည်၊ ကျည်ဘောက် သုံးခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် တစ်နေရာမှာ တော်လှန်လူငယ်တွေက “ဓမ္မနဲ့တော်လှန် ရွှေဝါရောင်သံဃာထုရဲ့အသံ၊ ဖက်ဆစ်တွေကို အမြစ်ကလှန်”စာသားနဲ့ သင်္ဃန်း၊ သပိတ်တို့ကို ဆေးနီတွေနဲ့ပတ်ဖြန်းပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

မန္တလေး-ရွှေဘို-မုံရွာ-အရာတော်-ဝက်လက် လမ်းဆုံလမ်းမကြီးပေါ်မှာ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဥဦးဆောင်ကော်မတီက ဦးဆောင်ကာ ကျောင်းသားပြည်သူများ၊ PDFများက အရာတော်သပိတ်ခေါင်းဆောင်များနဲ့အတူ “နီတဲ့သွေးရဲရင့်လို့ ရန်သူ မင်းရှေ့ကို ချီတက်ခဲ့ပြီ” ခေါင်းစည်းစာတန်းကိုင်ဆွဲကာ “ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ပြတ်သုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး” စတဲ့ ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ပါတယ်။

ခင်ဦးမြို့နယ်မှာ ဒေသခံကျောင်းသား ပြည်သူများ ဦးဆောင်ကာ ကုသမဂ္ဂအနေနဲ့ NUG ကို အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုရေးနဲ့ ကုသသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ