Connect with us

Hi, what are you looking for?

သတင်း

တပ်နှင့် ရဲ CDMများ၏ ပုံရိပ်မှေးမှိန်အောင် စစ်ကောင်စီတပ် ဝါဒဖြန့်လုပ်ဆောင်နေဟု NUG သတိပေး

CDM ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ထံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗိုလ်မှူးမျိုးမင်းထွန်း ကိစ္စ အပါအဝင် Non-CDMများအကြောင်း မေးမြန်းမှုအပေါ် NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

(စစ်တပ်က အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်ပါဝင်လာစေရန် လှုံ့ဆော်မှုပြုလုပ်နေစဉ်၊ ဓာတ်ပုံ - PS)
(စစ်တပ်က အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်ပါဝင်လာစေရန် လှုံ့ဆော်မှုပြုလုပ်နေစဉ်၊ ဓာတ်ပုံ - PS)

▪️အသက်စွန့် တိုက်ပွဲဝင်နေမှုအပါအဝင် တော်လှန်ရေးအတွက်ရုန်းကန်နေကြသည့် တပ်၊ ရဲ CDMများစွာရှိဟု အသိပေး

စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ် တည်လာသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် များ၏ ပုံရိပ်မှေးမှိန်စေရန် စစ်ကောင်စီတပ်က ဝါဒဖြန့်လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်။

CDM ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ထံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗိုလ်မှူးမျိုးမင်းထွန်း ကိစ္စ အပါအဝင် Non-CDMများအကြောင်း မေးမြန်းမှုအပေါ် NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

“Non-CDMတွေအကြောင်း မေးကြတယ်ပေါ့နော်။ တကယ်တန်းကျတော့ တော်လှန်ရေးကြာလာတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိပေမယ့်လည်း အဲဒီ အခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့နော် နည်းပေါင်းစုံနဲ့ ဖြေရှင်းပြီး အခုအချိန်ထိ ကြံ့ကြံ့ခံရပ်တည်နေတဲ့ CDM တွေများစွာရှိသေးတယ်ဆိုတာ အသိပေးလိုပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

အဆိုပါ CDMများအနေဖြင့် တော်လှန်ရေးစိတ်ဓာတ်အပြည့်အ၀ဖြင့် တော်လှန်ရေးအတွက် ရုန်းကန်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တစ်ဖက်က အများကြီး တပ်ကပြိုလာတယ်။ အလင်းဝင်လာတဲ့သူတွေ ပြည်သူ့ရင်ခွင်ခိုလှုံတဲ့သူတွေများလာတဲ့ဟာကို ဆိုက်ဝါးပြန်ထည့်တဲ့အနေနဲ့ တစ်ယောက်စ နှစ်ယောက်စ ပြန်ဝင်သွားတဲ့ကိစ္စမှာ အဲဒီကိစ္စကို အကြီးကြီးဖြစ်အောင်လုပ်ပြီးတော့ အထူးသဖြင့်တော့ တပ်ရဲ CDMတွေရဲ့ ပုံရိပ်ကို မှေးမှိန်အောင် ငြိုးနွမ်းအောင် တစ်ဖက်က လုပ်နေတယ်ဆိုတာ ဒီအချိန်မှာ ထင်ရှားပါတယ်။ ဒီကာလကို အားလုံးပူးပေါင်းပြီး ရင်ဆိုင်ဖြတ်သန်းပြီး လှုပ်ရှားမှုတွေ ကိုလည်း ပိုပြီးအားကောင်းမောင်းသန်ဖြစ်အောင် ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

NUG အနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီ ကို ပြည်ထောင်စုဝန်ကြီးချုပ်ကြီး ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ယင်းလုပ်ငန်းများထဲ၌ စိစစ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း ရှင်းပြသည်။

“စိစစ်တာ ကြာပြန်တော့လည်း တစ်ဖက်မှာ ဝင်ချင်တဲ့သူတွေက ပြည်သူ့ရင်ခွင်ခိုလှုံချင်နေပြီ လာချင်နေပြီ။ စိစစ်တာ ကြာနေတယ်ဆိုတဲ့ ပြဿနာရှိတယ်။ အဲဒီလိုပဲ မြန်မြန်ဝင်လာစေချင်လို့ လျှော့ပေးလိုက်ပြန်ရင်လည်း ခုဏက ပြောသလို ဒလန်လိုလို တကယ်စိတ်ဓာတ်မရှိဘဲ ဝင်လာတာမျိုးတွေလည်း ကြုံရပြန်တယ်။ ဒီလို အစွန်းတွေက လွတ်အောင် ချင့်ချိန်ပြီး ဆောင်ရွက်ရတာရှိပါတယ်။ အခုအချိန်မှာ ဆိုရင်လည်း NUG အစိုးရတင်မဟုတ်ဘူး တပ်၊ ရဲ CDMတွေနဲ့ ပတ်သက်ပြီးတော့ တကယ် ပြည်သူ့ရင်ခွင့်တို့ ပြည်သူ့သားကောင်းတို့ ပြည်သူ့ပန်းတိုင်တို့ စသဖြင့် ဒီလို အဖွဲ့တွေကလည်း ပြောရမယ်ဆိုရင် တပ်မတော်က CDM အရာရှိတွေ ရဲက CDM အရာရှိတွေ ကိုယ်တိုင် ဦးဆောင်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ဦးနေဘုန်းလတ်က အသိပေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းက CDM တပ်မတော်သားများက ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးအောင်မြင်ရန် လမ်းစတစ်ခုဖြစ်သည့် CDM ကြိုဆိုလက်ခံရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို ပြည်သူလူထု ပံ့ပိုးမှုများဖြင့် ပိုမိုလုပ်ဆောင်သွားမည်ဖြ်စကြောင်း ဖော်ပြထားသည်။ ထို့ပြင် ယုံကြည်ချက်မရှိသူများ CDMတွင် မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ်သွားမည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်နိုင်မှုအတွက် ပိုမိုကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDM တပ်မတော်သားများက သဘောထား ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။