ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စစ်တပ်မှ ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ပြီး တရားမျှတရေး လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တောင်းဆိုတိုက်တွန်းသည်။
မြန်မာနိုင်ငံ၏ အခက်အခဲကို ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လက်တွဲညီညီပူးပေါင်းဆောင်ရွက်၍ ဖြေရှင်းရန်လိုအပ်ပြီး အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပေးရန် မြန်မာသံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဋ္ဌမကော်မတီ) အစည်းအဝေး၌ ထည့်သွင်းပြောကြားသည်။
တရားမဝင်စစ်တပ်၏ အာဏာရှင်စနစ်ကို အပြီးသတ် ချုပ်ငြိမ်းခြင်းဖြင့်သာ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရန် စတင်နိုင်မည် ဖြစ်ပြီး အားလုံးပါဝင်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝသည့် တရားမျှတသောအဖွဲ့အစည်းများဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ရပ်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာ အသိုက်အဝန်းကို အသိပေးသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပြန်လည် တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ရွေးကောက်တင်မြှောက်ခံ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်ကြရန်လည်း နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂအစည်းအဝေးမှတဆင့် သံအမတ်ကြီးက တောင်းဆိုသည်။

Public Service Announcement
သံအမတ်ကြီးက မြန်မာစစ်တပ်အနေဖြင့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ကို တရားမဝင် ဖယ်ရှားခြင်းကာ တရားဥပဒေစိုးမိုးမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်သည်ကို ကုလသမဂ္ဂ ဆဋ္ဌမကော်မတီအနေဖြင့် သိရှိမည်ဖြစ်ကြောင်း၊ ယင်းသို့သော အပြုအမူသည် နိုင်ငံတကာအသိုက်အဝန်း အတွက် လုံးဝလက်သင့်ခံနိုင်ဖွယ်ရာ မဟုတ်ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုကို အလေးထားဂရုပြုခြင်း အလျဉ်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်မှုကို အကျိုးခံစားနေသော ပြည်သူမလိုလားသည့် စစ်တပ်ခေါင်းဆောင်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများ အားလုံးကို စစ်အာဏာသိမ်းခြင်းဖြင့် ထိန်းချုပ်ထားကြောင်း၊ ၎င်းအနေဖြင့် ရွေးကောက်တင်မြှောက်ခံထားရသော နိုင်ငံတော်သမ္မတနှင့် အခြားသော အစိုးရအဖွဲ့ဝင်များ ကို တရားမဝင် ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားကြောင်း သံအမတ်ကြီး ကော်မတီသို့ ရှင်းပြသည်။
စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှုသည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှုအရသော်လည်းကောင်း အလျဉ်းမရှိကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။
ဆက်လက်ပြီး စစ်တပ်က ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ အစဉ်တစိုက်ချိုးဖောက်နေမှုများသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအပေါ် ကြီးလေးသော သက်ရောက်မှုရှိ ကြောင်းလည်း ၎င်းက ကုလသမဂ္ဂသို့ အစီရင်ခံသည်။


















































