Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကုလသမဂ္ဂ ဖွဲ့စည်းပုံမှာ ရှိမနေသင့်တော့တဲ့ ဗီတိုအာဏာ

ဒီတစ်ကြိမ်မှာ ရုရှားက ဗီတိုအာဏာကို မတရား အသုံးချခဲ့ပြီးရင် နောင်တစ်ချိန်မှာ ဘယ်နိုင်ငံက ဘယ်လို အမြတ်ထုတ်ဦးမလဲ မသိနိုင်ပါဘူး။

ကုလသမဂ္ဂဟာ လက်ရှိကျွန်မတို့မြန်မာနိုင်ငံလို အကျပ်အတည်းအခြေအနေမျိုးတွေမှာ ထိထိရောက်ရောက်ကြားဝင်ဆောင်ရွက်မှုမလုပ်နိုင်တာဟာ ဗီတိုအာဏာပိုင် နိုင်ငံအချို့ကြောင့်ဖြစ်ပါတယ်။ ဒီတစ်ပတ် ❝ပြောပြဦးမယ် ❞ အစီအစဥ်ကနေ ကုလသမဂ္ဂ ဖွဲ့စည်းပုံမှာ ရှိမနေသင့်တော့တဲ့ ဗီတိုအာဏာ အကြောင်းကို ပြောပြချင်ပါတယ်။

အခုသီတင်းပတ်မှာ စတင်ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ကဏ္ဍပေါင်းစုံ ဆွေးနွေးမှုတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲကို ဗဟိုပြုနေတာ သိပ်တော့ မဆန်းပါဘူး။ ရုရှားဟာ စစ်မြေပြင်မှာ အခြေမလှမှုတွေ ကြုံနေတဲ့ အချိန်မှာပဲ နိုင်ငံတကာ မျက်နှာစာမှာလည်း သံတမန်ရေးရာ ထိုးနှက်မှုတွေကို အလူးအလဲ ခံနေရပါတယ်။ ဒီနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ထူးခြားချက် တစ်ခုက စစ်ပွဲကို အကြောင်းပြုပြီး လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို ပြန်သုံးသပ်ဖို့ တောင်းဆိုမှုတွေ တကျော့ပြန် ခေါင်းထောင်လာခြင်းပါပဲ။

ကုလသမဂ္ဂမှာ ဗီတိုအာဏာနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံကြီး တစ်ခုက တခြားနိုင်ငံ တစ်ခုရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ထိပါးခဲ့ခြင်းက ဗီတိုအာဏာပိုင် နိုင်ငံတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာတာ အမှန်ပါပဲ။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အထွေထွေ ညီလာခံအတွက် ရိုက်ကူး ပေးပို့တဲ့ မိန့်ခွန်းမှာ ရုရှားရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ယူကရိန်းအပေါ် တရားလက်မဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်ခဲ့တဲ့အတွက် မျှတတဲ့ စီရင်မှုကို ယူကရိန်းက ပြန်လည် တောင်းဆိုရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဝမ်းနည်းဖို့ ကောင်းတာက ပြောင်ပြောင်တင်းတင်း ပြစ်မှုကျူးလွန်သူတွေက နိုင်ငံတကာ အဖွဲ့အစည်းကြီး တစ်ခုရဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာကို ရောက်နေကြောင်း ဇီလန်စကီးက ဆိုတယ်။ ရုရှားရဲ့ လုပ်ရပ်တွေဟာ ကုလသမဂ္ဂရဲ့ ရပ်တည်မှုကို စော်ကားသလို ဖြစ်တာကြောင့် ရုရှားရဲ့ မဲပေးခွင့်၊ ကိုယ်စားလှယ် ခန့်အပ်ခွင့်၊ ဗီတိုအာဏာ သုံးစွဲခွင့်တွေ အားလုံးကို ရုပ်သိမ်းပေးပါဆိုပြီး ဇီလန်စကီးက မိန့်ခွန်းထဲမှာ ထည့်သွင်း တောင်းဆိုသွားပါတယ်။ သူ့ရဲ့ မိန့်ခွန်းကို အနောက်နိုင်ငံတွေရဲ့ သံတမန်တွေက မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး သောင်းသောင်းဖြဖြ ဂုဏ်ပြုနေကြပေမယ့် သူတောင်းဆိုခဲ့တဲ့ အချက်ကို အကောင်အထည် ဖော်ဖို့ ဆိုတာကတော့ လက်တွေ့မကျမှန်း ဇီလန်စကီး ကိုယ်တိုင်လည်း နားလည်ပြီးသား ဖြစ်ပါလိမ့်မယ်။ ကုလသမဂ္ဂရဲ့ အမြဲတမ်း လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ သူတို့ရဲ့ ဗီတိုအာဏာ ဆုပ်ကိုင်ထားမှုကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။

တကယ်တော့ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ရင် ကုလသမဂ္ဂဟာ နိုင်ငံတကာ အငြင်းပွားမှုတွေမှာ ထိထိရောက်ရောက် ကြား​ဝင် ဆောင်ရွက်နိုင်စွမ်း အားနည်းခဲ့တာက ဗီတိုအာဏာပိုင် နိုင်ငံကြီးတွေရဲ့ စွက်ဖက်မှုတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ နိုင်ငံတကာ ပြဿနာ တစ်ခုမှာ အများစုက လိုလားတဲ့ ဖြေရှင်းမှု တစ်ခုကို လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် တစ်နိုင်ငံက ဗီတိုအာဏာ သုံးလိုက်ရုံနဲ့ ပယ်ချပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ချိန်ထိုးကြည့်ရင် ဆိုးရွား စုတ်ပြတ်လွန်းတဲ့ သတ်မှတ်ချက်ကြီး တစ်ခုပါပဲ။

ဗီတိုအာဏာပိုင် နိုင်ငံတွေကလည်း ဖြောင့်မတ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေထက် ကိုယ်ပိုင် မူဝါဒ၊ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဒီလို အခွင့်ထူးခံ ဩဇာမျိုးကို အကြိမ်ကြိမ် အသုံးပြုခဲ့ပါတယ်။ ဒီတော့ အမှားအယွင်းကို စိတ်လိုလက်ရ ကျူးလွန်တဲ့ နိုင်ငံတကာ အစိုးရ တချို့ဟာ ဗီတို အာဏာပိုင် နိုင်ငံတစ်ခုခုရဲ့ ထောက်ခံမှုကိုသာ ပိုင်ပိုင်နိုင်နိုင် ရထားရင် ကုလသမဂ္ဂကို ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်လာပါတယ်။ နိုင်ငံတကာ အရေးကိစ္စတွေကို ဘက်မလိုက်ဘဲ အဖြောင့်မှန်ဆုံး ဖြေရှင်းပေးဖို့ဆိုတဲ့ ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်ဟာ ဗီတို အာဏာနဲ့ မတရား စွက်ဖက်မှုတွေအောက်မှာ အခေါက်ခေါက် အခါခါ ကျရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကို ပြန်ကြည့်ရင် အာဏာရှင်တွေ၊ စစ်အစိုးရတွေဟာ ရုရှားနဲ့ တရုတ်တို့လို နိုင်ငံတွေရဲ့ ဗီတိုအာဏာကို အကာအကွယ် ယူပြီး ကုလသမဂ္ဂကို အာခံခွင့် ရခဲ့သလို ပါလက်စတိုင်းအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေ ရှိနေတဲ့ အစ္စရေးကလည်း ကုလသမဂ္ဂ လက်လှမ်းမမီတဲ့ အမေရိကန်ရဲ့ ဗီတိုအာဏာရိပ်မှာ ခိုလှုံနိုင်ခဲ့တာ အမှန်ပါပဲ။ ဒါ့အပြင် ဗီတိုအာဏာပိုင် နိုင်ငံကြီးတွေက ကိုယ်ပိုင် အကျိုးစီးပွားတွေ၊ ကိုယ်တိုင် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ဗီတိုအာဏာနဲ့ အကာအကွယ် ယူထားနိုင်ပြန်ပါသေးတယ်။ ရုရှားရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကြောင့် ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဘာမှ ထဲထဲဝင်ဝင် အရေးမယူနိုင်ဘဲ လက်မှိုင်ချနေခဲ့ရသလို တရုတ် အစိုးရ လက်ထဲမှာ အခြေခံ အခွင့်အရေးတွေ အားလုံးနီးပါး ဆုံးရှုံးနေရတဲ့ ရှင်းကျန်း ဟွေဂါ မျိုးနွယ်စုတွေလည်း နိုင်ငံတကာ အသိုက်အဝန်းဆီက ဘာမှ မျှော်လင့်လို့ မရတော့ပါဘူး။ အနီးစပ်ဆုံး ပြောရရင် မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်မှာတောင် စစ်အာဏာရှင်နဲ့ နီးစပ်တဲ့ ရုရှား၊ တရုတ်တို့ရဲ့ အရိပ်အကဲကိုကြည့်ပြီး ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေကိုတောင် အကြိမ်ကြိမ် ပြန်ပြင်ဆင်ခဲ့ရတာတွေက အထင်ရှားဆုံး ဥပမာတွေပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗီတိုအာဏာပိုင် နိုင်ငံတစ်ခုက ထင်တိုင်းကြဲခွင့် ရခဲ့လို့ ယူကရိန်း စစ်ပွဲမှာ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်နဲ့ အခန်းကဏ္ဍက လုံးဝဥဿုံ မှေးမှိန်နေတာကို ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ဝေဖန်သွားခဲ့ပါတယ်။ ရုရှားဟာ ဗီတိုအာဏာ ပိုင်တဲ့အတွက် တခြား အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုကို စိတ်တိုင်းကျ ကျူးကျော်လို့ ရခဲ့တယ်ဆိုရင် ဒီစံနှုန်းတွေကို ပြင်သင့်ပြီလို့ ဂျပန် ဝန်ကြီးချုပ်က အတိအလင်း တောင်းဆိုခဲ့ပါတယ်။ ဒါမှသာ ကုလသမဂ္ဂဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကဏ္ဍတွေကို အစွမ်းရှိရှိ ကာကွယ် စောင့်ရှောက်နိုင်လိမ့်မယ်လို့ ကီရှီဒါက ထောက်ပြပါတယ်။

ဗီတိုအာဏာပိုင် နိုင်ငံတစ်ခုရဲ့ စည်းဖောက်မှုကြောင့် နိုင်ငံတကာ တည်ငြိမ်အေးချမ်းမှုအပေါ် ဘယ်လောက် ပြင်းပြင်းထန်ထန် ရိုက်ခတ်နိုင်သလဲဆိုတာ လက်ရှိ အခြေအနေတွေက အကောင်းဆုံး သက်သေဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းဟာ လက်တွေ့ အခြေအနေတွေကို အရှိအတိုင်း ရင်ဆိုင်သင့်ပြီ ဖြစ်ကြောင်း ကီရှီဒါက ဆိုတယ်။ နောက်ပြီး ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ဖွဲ့စည်းပုံတွေကို ပြောင်းလဲဖို့ ဆွေးနွေးလာတာ နှစ်ပေါင်း ၃၀ လောက် ကြာခဲ့ပေမယ့် အရာမထင်ခဲ့တာကိုလည်း စိတ်ပျက်မိကြောင်း ဂျပန် ဝန်ကြီးချုပ်က ဝေဖန်တယ်။ အခုဆိုရင် လက်တွေ့ကျကျ တုံ့ပြန် လုပ်ဆောင်ရမယ့် အချိန်ရောက်နေပြီး စကားတွေ ထိုင်များနေလို့ အကျိုးမရှိဘူးလို့ ကီရှီဒါက ပြောသွားပါတယ်။

ဂျပန် အစိုးရ အဆက်ဆက်ဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို ပြင်ဆင် ပြောင်းလဲပေးဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဗီတိုအာဏာ ပိုင်ဆိုင်ခွင့် ဆိုတာဟာ ဒုတိယ ကမ္ဘာစစ်တုန်းက စစ်ရှုံးခဲ့တဲ့ နိုင်ငံတွေကို ခွဲခြားဖိနှိပ်ထားတဲ့ ကိစ္စတစ်ခုလို့ ဂျပန်က ရှုမြင်တယ်။ ဂျပန်ဟာ ဂျာမနီ၊ အိန္ဒိယနဲ့ ဘရာဇီးတို့လို နိုင်ငံတွေကို စည်းရုံးပြီး ၂၀၀၄ ခုနှစ်ကစလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့် ပြန်လည် ဖွဲ့စည်း ပြင်ဆင်ရေး ကိစ္စကို တစိုက်မတ်မတ် ဆော်ဩ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ကြေညာစာတမ်းရဲ့ အခြေခံ အချက်တစ်ခုကို ပြောင်းပစ်ဖို့ ဆိုတာက အပြောလွယ်သလောက် ဖြတ်သန်းရမယ့် စိန်ခေါ်မှုတွေ၊ အဆင့်တွေ သိပ်ကို များပြားပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကို ထူထောင်ခဲ့တဲ့နောက် ဗီတိုအာဏာပိုင် ၅ နိုင်ငံက ကမ္ဘာ့အရေး ကိစ္စတွေမှာ ဗီတိုအာဏာ ထုတ်သုံးခဲ့ကြတဲ့ စုစုပေါင်း ၂၆၆ ကြိမ် ရှိခဲ့ပါတယ်။ တချို့ အခြေအနေတွေမှာ တရုတ်နဲ့ ရုရှားက ပူးတွဲ ဗီတိုအာဏာ သုံးခဲ့ကြသလို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့လို အနောက်အင်အားကြီး မဟာမိတ်တွေ ပူးတွဲ ဗီတိုအာဏာသုံးတဲ့ ကိစ္စတွေလည်း ရှိခဲ့ဖူးပါတယ်။ ပြင်သစ်ဟာ စုစုပေါင်း ဗီတိုအာဏာ ၁၆ ကြိမ်သာ သုံးဖူးပြီး အဲဒီထဲက အများစုက မဟာမိတ်တွေနဲ့ ပူးတွဲပါဝင်ခဲ့တာမျိုးပါ။

၁၉၄၆ ခုနှစ်ကစလို့ ရုရှားနဲ့ အရင်ခေတ်ဟောင်း ဆိုဗီယက် ပြည်ထောင်စုတို့က ကုလသမဂ္ဂ လုံခြုံရေး ညီလာခံမှာ ၁၂၂ ကြိမ်ထိ ဗီတိုအာဏာ သုံးစွဲပြခဲ့ပြီးပါပြီ။ ရုရှားဟာ ကုလသမဂ္ဂမှာ နောက်ဆုံး ၄ ကြိမ်ဆက် ဗီတိုအာဏာ သုံးခဲ့ပြီး ၁ ကြိမ်ကတော့ တရုတ်နဲ့ ပူးတွဲထားပါတယ်။ အမေရိကန်ကတော့ ကုလသမဂ္ဂ စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ၈၂ ကြိမ်ထိ ဗီတိုအာဏာ သုံးထားခဲ့ဖူးပါတယ်။ ၂၀၁၇ တုန်းက ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ် ပြုလိုက်တဲ့အပေါ် နိုင်ငံတကာ အသိုက်အဝန်းက ကန့်ကွက်ပေမယ့် အမေရိကန်က ဗီတိုအာဏာ ထုတ်သုံးခဲ့တာမျိုးကလည်း အကြီးအကျယ် အငြင်းပွားစရာ ကိစ္စမျိုး ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း အခုအချိန်မှာ ရုရှားရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်ခွင့်ကို ပစ်မှတ်ထား ဝေဖန်နေပေမယ့် တကယ်တမ်း ပြဿနာက ရုရှားမှာ ဗီတိုအာဏာ ရှိနေတာကြောင့် မဟုတ်ဘဲ ဗီတိုအာဏာဆိုတဲ့ အခွင့်ထူးကြီးကို လက်တစ်ဆုပ်စာ နိုင်ငံတစ်စုက လိုသလို ခြယ်လှယ် အသုံးချနေလို့သာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ပျိုးထောင်နေတဲ့ ခေတ်သစ် လူ့အဖွဲ့အစည်းနဲ့လည်း ဒီအခြေအနေတွေက မကိုက်ညီတော့ပါဘူး။ ဒီတစ်ကြိမ်မှာ ရုရှားက ဗီတိုအာဏာကို မတရား အသုံးချခဲ့ပြီးရင် နောင်တစ်ချိန်မှာ ဘယ်နိုင်ငံက ဘယ်လို အမြတ်ထုတ်ဦးမလဲ မသိနိုင်ပါဘူး။ ဒါကြောင့်လည်း ဂျပန် ဝန်ကြီးချုပ် ကီရှီဒါ ပြောခဲ့သလို ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံ တစ်ခုလုံးကို ပြင်ဆင် ပြောင်းလဲနိုင်မှသာ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းရာ ရောက်မှာပါ။ အများစုရဲ့ လိုလားမှုနဲ့ ဆန္ဒက နိုင်ငံတစ်ခုရဲ့ ပယ်ချမှုအောက်မှာ အကြိမ်ကြိမ် ရှုံးနိမ့်နေသ၍ ကုလသမဂ္ဂဆိုတာ နိုင်ငံတကာ အကျပ်အတည်းတွေ ကြုံတိုင်း ဟန်ပဲရှိပြီး အဆံမရှိတဲ့ ချောင်ထိုးခံ အဖွဲ့အစည်းကြီးလို့ ကမ္ဘာ့ပြည်သူတွေရဲ့ နာနာကြည်းကြည်း ပြက်ရယ်ပြုမှုတွေကို ခံနေရဦးမှာ ဖြစ်ပါတယ်။