▪︎ပထမအကြိမ်တိုက်ပွဲမှာမျက်နှာချင်းဆိုင်အနီးကပ်တိုက်ခိုက်ခဲ့ကြောင်းရေစကြိုပကဖတာဝန်ရှိသူပြော
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအနီး၌ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)မှတာဝန်ရှိသူကပြောသည်။
အောက်တိုဘာ ၁၇ ရက် နံနက် ၉နာရီခန့်က ရေစကြိုမြို့နယ်၊ သံပြာချောင်းရွာမှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းအား တောင်ဦးရွာအနီးတွင် မဟာမိတ်တပ်ဖွဲ့များနှင့် နှစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဥ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး အများအပြားထိခိုက်ကြောင်း၊မဟာမိတ်ရဲဘော်များဘက်ကမူ အထိအခိုက်မရှိဟု ရေစကြို(ပကဖ)အဖွဲ့က အသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)က “သံပြာချောင်းက ရွေ့လာတဲ့စစ်ကြောင်းနဲ့အနီးကပ်မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်တာ။ ရှေ့ကို ကျွံလာတဲ့ ကင်းသမားသုံးယောက်ထဲက တစ်ယောက်ကတော့မျက်မြင်ပွဲချင်းပြီးတယ်။

Public Service Announcement
သုံးယောက်တူတူတက်လာတော့ ကျွန်တော်တို့ဘက်က စက်ကလေးသမားကနေပြီးတော့ တောက်လျှောက်ဆွဲလိုက်တော့ ဒီကောင်တွေပက်လက်လန် ကျသွားတယ်။”ဟု ပြောသည်။
နံနက်ခင်းပိုင်း တိုက်ပွဲနှစ် ကြိမ်၌ ပထမအကြိမ် ဖြစ်စဥ်သည် နာရီဝက်ခန့် မျက်နှာချင်းဆိုင် နီးကပ်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်ပစ်ခတ်မှုသည် တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ) တာဝန်ခံက ပြောသည်။
ထို့နောက် ညနေ ၃နာရီခန့်တွင်လည်း တောင်ဦးရွာအားမီးရှို့နေသော စစ်ကောင်စီတပ်များအား ရေစကြို၊ မြိုင်၊ ဆားလင်းကြီးနယ်များမှ လက်နက် ကြီးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်းဖော်ပြထားသည်။
စစ်ကောင်စီတပ်က ရေစကြိုနယ် တောင်ဦးရွာကိုစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့၍ ရွာသူ၊ ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
“အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး လက်နက် ကြီး၊ လက်နက်ငယ်တွေပစ်တယ်။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ် ပြောတယ်။ ရွာအပြင်မှာပဲ ညအိပ်နေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
နံနက်ခင်းတိုက်ပွဲနှစ်ကြိမ်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း- ၂တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
မွန်းလွဲပိုင်းစစ်ဆင်ရေး၌ အထက်ပါအဖွဲ့များအပြင် Urban Underground Revolution Force-YSO (UURF)၊နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြိုင်) အပါအဝင် ရေစကြိုနှင့် မြိုင်မြို့နယ်မှတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရေစကြိုမြို့နယ်၊ မြိုင်နယ်နှင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တို့သည် နယ်မြေချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြသည်။


















































