Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲများ ပြင်းထန်နေမှု၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်တို့ကြောင့် ညီလာခံရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ခြင်းဟု KNU ပြော

KNU နယ်မြေအတွင်း စစ်ရေးအခြေအနေများကိုလည်း ပဒိုစောတောနီးက ရှင်းပြခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ခုနစ်ထောင်ခန့် ဖြစ်ခဲ့သည်ဟု ပြောသည်။

(KNU ​၏ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၁ နိုဝင်ဘာက ကျင်းပနေစဉ်၊ဓာတ်ပုံ - KNU)
(KNU ​၏ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၁ နိုဝင်ဘာက ကျင်းပနေစဉ်၊ဓာတ်ပုံ - KNU)

▪️ခရိုင်၊ တပ်မဟာခေါင်းဆောင်များ၏ တင်ပြချက်အရ ရွှေ့ဆိုင်းခြင်းဖြစ်ပြီး ဗဟိုအမြဲတမ်းကော်မတီက လုပ်ငန်းများဆက်လက်တာဝန်ယူဆောင်ရွက်မည်

▪️အာဏာသိမ်းပြီးနောက် KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ၇,၀၀၀ ခန့်ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်မှု ပြန်လည်ရွေးချယ်ရမည့် (၁၇)ကြိမ်မြောက် KNU ညီလာခံကို အောက်တိုဘာ ၂၄ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ KNUနယ်မြေများ၌ စစ်ရေးပြင်းထန်နေမှုများကြောင့် ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

ပဒိုစောတောနီး၏ ပြောကြားချက်ကို KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

KNU ဖွဲ့စည်းပုံဥပဒေ၏ ပြဌာန်းချက်အရ အထူးအခြေအနေအောက်၌ ညီလာခံကို ၂နှစ်အထိ ရွှေ့ဆိုင်းနိုင်ကြောင်းသ တ်မှတ်ထားသည်။ နိုင်ငံရေးအပြောင်းအလဲ စစ်ရေးအခြေအနေနှင့် ကိုဗစ်ကပ် ရောဂါတို့ကြောင့် ညီလာခံကို ရွှေ့ဆိုင်းခဲ့ရာ ၂၀၂၂ နှစ်ကုန်ပိုင်း၌ သတ်မှတ်ကာလပြည့်ပြီဖြစ် ၍ အောက်တိုဘာ ၂၄ရက်တွင် ညီလာခံကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ဒီအောက်တိုဘာ ၂၄ရက်မှာ ကွန်ကရက်ကို ခေါ်ဖို့ဆိုတာ သေသေချာချာကို ဆုံးဖြတ်ချက် ချပြီး စီစဉ်မှုပြုတာ အကုန်လုံးက အပြည့်အစုံပါပဲ။ သို့သော်ငြားလည်း မြန်မာစစ်တပ်က သူဘာလုပ်လာလဲဆိုတော့ လေကြောင်းထိုးစစ် တွေ လေကြောင်းက ဗုံးကြဲတယ်။လေကြောင်း တိုက်ခိုက်မှုတွေက တဖြည်းဖြည်းနဲ့ အတောမသတ်အောင်ဖြစ်လာတဲ့အခါကျတော့အထူးသဖြင့် လူထုအပေါ်မှာ ပစ်မှတ်ထားပြီး လုပ်လာတာ နေရာဒေသ အသီးသီးမှာ ဗုံးကြဲတာ များလာတဲ့အခါ အထူးသဖြင့် ကွန်ကရက်ကို တက်ရောက်လာဖို့ ခေါင်းဆောင်တွေ၊ အထူးသဖြင့် ခရိုင် တပ်မဟာပိုင်းမှာရှိတဲ့ ခေါင်းဆောင်တွေက တပ်မဟာမှူးရော ခရိုင် ဥက္ကဋ္ဌရော အဲဒီ ခေါင်းဆောင်တွေက သူ့နယ်မြေမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ် တွေဖြစ်တယ်။ တစ်ချိန်တည်းမှာ သူတို့ဟာ ဗဟိုကော်မတီ ဝင်တွေဖြစ်လာတဲ့အခါ အဲဒီ ခေါင်းဆောင်တွေက ကွန်ကရက်ကို မဖြစ်မနေ တက်ရမယ့်သူတွေဖြစ်တယ်။ခရိုင်ခေါင်းဆောင်တွေ၊ တပ်မဟာခေါင်းဆောင်တွေ တင်ပြချက်အရ ကျနော် တို့သေချာပြန်စဉ်းစားပြီး ကျနော်တို့ ဒီကွန်ဂရက်ကိုတော့ ရွှေ့ဆိုင်းမှာ ဖြစ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အရ အခုရွှေ့ဆိုင်းလိုက်တာဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

အောက်တိုဘာ ၂၃ရက်ညပိုင်း၌ စစ်ကောင်စီတပ် က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)နယ်မြေရှိ အနန့်ပါဒေသ၌ ပြုလုပ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အထိမ်းအမှတ်နေ့ အကြို ဂီတပွဲကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူများ အပါအဝင် လူဦးရေ ၆၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။

KNU နယ်မြေအတွင်း စစ်ရေးအခြေအနေများကိုလည်း ပဒိုစောတောနီးက ရှင်းပြခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ခုနစ်ထောင်ခန့် ဖြစ်ခဲ့သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမျိုးစုံပေါ့နော် ပြောက်ကျားတိုက်ပွဲ၊ စနိုက်ပါတိုက်ပွဲ၊ မိုင်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်းက ၆,၇၀၀ ဖြစ်သွားပြီ။ စက်တင်ဘာလကုန်အထိက။ အခုအောက်တိုဘာ လပါရောပေါင်းလိုက်မယ်ဆိုရင် ကျနော်တို့ တိုက်ပွဲက ၇၀၀၀ ထက်မလျော့တော့ဘူး”ဟု ပဒိုစောတောနီးက ပြောသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေချန် ခရိုင်နှင့် တပ်မဟာခေါင်းဆောင်များ အစည်းအဝေးတက်ရန်မှာ များစွာ စဉ်းစားရမည့်အချက်ဖြစ်ကြောင်း ခေါင်းဆောင်များက တင်ပြခဲ့ကြသည်ဟုဆိုသည်။

ထို့ပြင် KNU ထိပ်ပိုင်းခေါင်းဆောင်များ စုဝေးကျင်းပမည့် ညီလာခံအတွက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်က လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်ကြောင်း ပဒိုစောတောနီးက ယခင်ကတည်းက ပြောကြားထားသည်။

“ရွှေ့ဆိုင်းနိုင်တဲ့ကာလ ၂နှစ်ကျော်လွန်သွားတယ်ဆိုပေမယ့် ဖွဲ့စည်းပုံအခြေခံရဲ့ ပြဌာန်းချက်အရ ဗဟိုအမြဲတမ်း ကော်မတီက ပျက်ပြယ်သွားတယ်ဆိုတာ မပါပါဘူး။ အဲဒါကြောင့် လက်ရှိ ကာလမှာ ဗဟိုအမြဲတမ်း ကော်မတီက ဆက်လက်ပြီး ရပ်တည်သွားမှာ ဖြစ်ပြီး ကွန်ဂရက် တစ်ခုနဲ့ တစ်ခုအကြားမှာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

မည်သည့်အချိန်ထိ ရွှေ့ဆိုင်းမည်ဆိုသည်ကို ဗဟိုအမြဲတမ်းကော်မတီက အစည်းအဝေးခေါ်ပြီးဆုံးဖြတ်သွားမည်ဟု ဆိုသည်။