အာဆီယံမူ ၅ချက်ကို စွန့်လွှတ်ကာ နည်းလမ်းသစ်ရှာဖို့ အာဆီယံခေါင်းဆောင်တွေကို GSCB တောင်းဆို
အာဆီယံဟာ သူတို့ရဲ့ အလုပ်မဖြစ်တဲ့ မူ ၅ ချက်ကို စွန့်လွှတ်ကာ မြန်မာပြည်သူတွေရဲ့ မျှတသော တောင်းဆိုချက်တွေနဲ့ ရည်မှန်းချက်တွေအတွက် အခြားမတူကွဲပြားတဲ့ နည်းလမ်းတွေနဲ့ချဥ်းကပ်အဖြေရှာပေးဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။ လက်ရှိကျင်းပနေဆဲ အာဆီယံထိပ်သီးညီလာခံသို့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုလည်း ငြင်းပယ်ဖို့ တိုက်တွန်းထားပါတယ်။ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရအဖြစ်လက်ခံအသိအမှတ်ပြုဖို့နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့ကို နိုင်ငံရေးအရကိုယ်စားပြုမှုရှိတဲ့ အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုလက်ခံကာ တရားဝင် ထိတွေ့ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း GSCB က တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်တလျှောက်ရှိနေတဲ့ များစွာသော စစ်ဘေးရှောင်စခန်းများနဲ့ သန်းချီတဲ့ ဒုက္ခသည်များအတွက် လိုအပ်တဲ့ အကူအညီများ လူသားစာနာမှုဆိုင်ရာအထောက်အပံ့တွေကို နယ်စပ်ဖြတ်ကျော် ပေးပို့ခြင်းတွေ အမြန်ဆုံးထိရောက်စွာကူညီပေးဖို့ ထည့်သွင်းတောင်းဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်မအားလုံး ရှေ့တန်းစစ်မျက်နှာပြင်မှာ ဖြန့်ကျက်ထား
စစ်ကောင်စီလက်အောက်ခံ တပ်မအားလုံး ရှေ့တန်းစစ်မျက်နှာပြင်မှာ ဖြန့်ကျက်ထားပြီး ဒီနှစ်ကုန်ပိုင်း ထိုးစစ်အရှိန်ပိုမြှင့်လာနိုင်တယ်လို့ တပ်တွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့လက်ရုံးတပ်ဖွဲ့တွေနဲ့သာ နောက်တန်းလုံခြုံရေးယူထားရတယ်လို့ သူတို့က ဆိုပါတယ်။ ကရင်နီပြည်နယ်မှာလည်း ဒီလ ဒါမှမဟုတ် ဒီဇင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီရဲ့ ကြီးမားတဲ့ ထိုးစစ်ဆင်မှုတွေ ရှိလာလိမ့်မယ်လို့ သီးခြားသတင်းရင်းမြစ်က ပြောပါတယ်။ အခုလို စစ်ရေးအရှိန်မြှင့်ရတဲ့ အကြောင်း ပြချက်ဟာ ၂၀၂၃ မှာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို စစ်ကောင်စီက ရည်မှန်းနေခြင်းလို့ သူတို့က သုံးသပ်ပါတယ်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဒီနေ့မှာလွတ်ရက်စေ့ပေမယ့် မလွှတ်ပေးဘဲ ပုဒ်မထပ်တိုးခံရ
အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချထားတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခါနီးမှာ ပြန်လွှတ်မပေးဘဲ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ တို့ကို စစ်ကောင်စီက နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ပုဒ်မထပ်တိုးလိုက်ပါတယ်။ ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။ စစ်ကောင်စီဟာ မြို့တော်ဝန်ဒေါက်တာရဲလွင် ရော NLD ပါတီဝင် ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ဆူပူအောင်လှုံဆော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်စီချထားတာပါ။ စစ်ကောင်စီချထားတဲ့ထောင်ဒဏ်အရ မြို့တော်ဝန်ဦးရဲလွင်ဟာ ဒီနေ့မှာ လွတ်မြောက်ရမှာဖြစ်ပြီး ဦးကျော်ဇေယျကတော့ ဒီလ ၂၃ ရက်မှာ လွတ်ရမှာဖြစ်တယ်လို့ မန္တလေး နိုင်ကျဉ်း အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။

Public Service Announcement

KIA၊PDF နဲ့ စစ်ကောင်စီတပ် မိုးမောက်မြို့မှာ တိုက်ပွဲပြန်ဖြစ်
ကချင်ပြည်နယ် မိုးမောက်မြို့မှာ ကချင်လွတ်လပ်ရေးတပ်(KIA) ၊ PDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီဟာ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက်ပိုင်း ၇ နာရီလောက်ကစပြီး သေနတ်သံများကြားနေရပြီး ညနေပိုင်းအထိ ၁၁ နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့တိုက်ပွဲဟာ မိုးမောက်မြို့ ခါနန်ရပ်ကွက်၊နောင်ပေါင်းရွာအနီးမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။

မန္တလေးမှာ သံလမ်းဘေးက အိမ်တွေကို စစ်အုပ်စု အင်အားသုံးဖယ်ရှား
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ကျုးကျော်ဆိုပြီး ဖယ်ရှားရှင်းလင်းတာတွေလုပ်ဆောင်နေရာမှာ မနေ့ကလည်း အောင်မြေသာစံမြို့နယ် သံလမ်းဘေးက နေအိမ်တွေကို ဖျက်ခိုင်းခဲ့ပါတယ်။ အိုးဘိုရပ် ၊သံလမ်းအနီး ၁၂ လမ်းကစတင်ပြီး သံလမ်းဘေး ဘက်မှာရှိတဲ့နေအိမ်တွေကို ဖျက်ခိုင်းတာလို့သိရပါတယ်။ နေအိမ်တွေကိုဖယ်ရှားရာမှာ စစ်ကောင်စီတပ်သားတွေ က လက်နက်ကိုင်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့သိရပါတယ်။ အခုလို မန္တလေးမှာ နေအိမ်တွေဖယ်ရှားခံရတာကို အာဏာသိမ်းပြီးနောက် မကြာခဏ ကြုံနေရတာပါ။ ဖယ်ရှားခံရတဲ့နေရာအချို့မှာတော့ မူလပိုင်ရှင်ဆိုကာ ဝင်ရောက်ခြံခတ်တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ အာဏာသိမ်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေဟာ ပိုက်ဆံပေးပြီး ဖျက်ခိုင်းတာလို့ ဒေသခံတွေ ယူဆနေကြတာတွေရှိနေပါတယ်။


စစ်ကား နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်လို့ ရခိုင်ဒေသခံ ၉ ဦးထက်မနည်းသေဆုံး
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦးထက်မနည်း သေဆုံးကာ ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဘုန်းကြီးကျောင်းနဲ့ အနီးအနားနဲ့ လူတွေသွားလာလို့ရတဲ့ မြင်လို့ရတဲ့ လမ်းပေါ်မှာ သေနေတဲ့အလောင်း ကိုးလောင်းကို တွေ့ရှိရပြီး ဒီထက်အရေအတွက်ပိုနိုင်သေးတယ်လို့ ဆိုပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ ယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးအနား ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ တာပါ။ ဒီနေ့ ပစ်ခတ်မှုကြောင့် ကလေးငယ်အချို့အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ သိရပါတယ်။
ချင်း-ယောအစပ်သို့ YDF အယောင်ဆောင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဓားစာခံစစ်ရှောင် ၆ ဦးနဲ့ ဒေသခံ ၃ ဦးကို သတ်ဖြတ်
ချင်းပြည်နယ်နဲ့ ယောဒေသအစပ် ချင်းပြည်နယ် ပလုံတီရွာသို့ စစ်ကောင်စီတပ်က ယောဒေသကာကွယ်ရေးတပ်(YDF) အယောင်ဆောင် ဝင်ရောက်လာပြီး ယောဒေသမှ စစ်ရှောင်ပြည်သူ ၆ဦးနဲ့ ဒေသခံ ချင်းတိုင်းရင်းသား ၃ဦးကို သတ်ဖြတ်သွားတယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက YDF ဝတ်စုံများ ဝတ်လာတဲ့ စစ်ကောင်စီတပ်သားအချို့ဟာ ချင်းပြည်နယ် ပလုံတွီကျေးရွာသို့ ဦးစွာလာရောက်ကာ ဆေးကုသပေးမယ်လို့ ပြောကြားပြီး နောက်ပိုင်းမှာ အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းက ပလုံတွီရွာသို့ ဝင်ရောက်စီးနင်းကာ ဒေသခံ ပြည်သူ အများစုနဲ့ စစ်ဘေးရှောင် ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးသွားခဲ့တာလို့ မင်းတပ် CDFက ပြောပါတယ်။


ထန်းတောမှာ ဝိုင်းဖွဲ့ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမ ထန်းတောမှာ ဝိုင်းဖွဲ့ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ထီးဆောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ထီးဆောင်းရွာရဲ့ အရှေ့ဘက် ထန်းတော ဝိုင်းဖွဲ့ထိုင်နေစဥ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အနည်းဆုံး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိမှုများလည်း ရှိတယ်လို့ ကိုသက်ကြီးက ပြောပါတယ်။


















































