စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေ၍ ကျေးရွာအများအပြား အိမ်မပြန်နိုင်သေး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့အချို့ ယမန်နေ့ညနေပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ရိုးသားများတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)ညနေပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာကိုစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်းသည် လက်နက်ကြီးဖြင့် ကျေးရွာများအား လှည့်လည်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြီးနောက် အဖွဲ့များခွဲကာ ထန်းကြီးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် ထန်းကြီးရွာမနှင့်ထန်းကြီးဘူတာကြားအရောက်တွင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ရိုးသားများ တပ်ပေါင်းစု တာဝန်ခံက ပြောသည်။
“ပူးပေါင်းအဖွဲ့က မိုင်းကွင်းတပ်ဆင်နေတုန်းထိတွေ့မှုဖြစ်ခဲ့တာ ။ အထိအခိုက်တော့မရှိဘူး။”ဟု တောင်ရိုးသားများ တပ်ပေါင်းစု တာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာ၁၃ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ထန်းကြီးဘူတာ အနောက်ဘက် အိမ်တစ်လုံးကို မီးရှို့နေကြောင်း၊ ထို့နောက် ရွာမကြီးထဲသို့ ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။
“ထန်းကြီးရွာကရွာသားတစ်ယောက်ကိုဖမ်းသွားတယ်”ဟုဒေသခံတစ်ဦးကလည်းပြောသည်။
ဝက်လက်နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသောစစ်ကောင်စီတပ်ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှိမ်းမကားရွာဒေသခံအချို့ လက်နက်ကြီးကျပြီး သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ ယနေ့အထိလည်း စစ်ကောင်စီစစ်ကြောင်းကြောင့် ဝက်လက်နယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။
