Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (နိုဝင်ဘာ ၁၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီတပ်စခန်း ၃ခုကို KNU တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၁ဦး​သေပြီး လက်နက်မျိုးစုံနဲ့ ကျည်​ဆံထောင်ချီ သိမ်းဆည်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ရဲ့ တပ်ရင်း (၇) နဲ့ တပ်ရင်း (၉) တို့ပူးပေါင်းကာ စစ်ကောင်စီရဲ့ သံဆိပ်စခန်း၊ဘောကထာ နဲ့ တုံးတံတာစခန်းတို့ကို နိုဝင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၁ ဦး​သေဆုံးပြီး လက်နက်မျိုးစုံ ​သေနတ်မျိုးစုံ ၁၈ လက်နဲ့ ကျည်ဆံမျိုးစုံ ​ထောင်ချီ သိမ်းဆည်းနိုင်ခဲ့​တယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။

(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)
(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)

စစ်ကောင်စီ စခန်းသုံးခုစလုံးကို တိုက်ခိုက်ဖျက်ဆီးပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာခဲ့တယ်လို့ အသိပေးပါတယ်။ သံဆိပ်စခန်း နဲ့ ဘောကထာစခန်းတို့ကို KNLA ရဲ့ မြေပြင်တက်ဖွဲ့ တွေက တိုက်ခိုက်ချေမှုန်းခဲ့ပြီး တုံးတံတာစခန်းကို KNLAရဲ့ တိုက်ခိုက်ရေးသုံး Drone တွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၁၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကိုတော့ စီစစ်အတည်ပြုနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)
(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)

▪️မူဆယ်မြို့ KTV ရှေ့မှာ ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့ ၊ မင်္ဂလာမူဆယ်လမ်းမကြီးပေါ်မှာက Top One KTV ရှေ့မှာ ဒီနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။ ပေါက်ကွဲမှုဟာ ၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့တွေ KTV ရှေ့ လမ်းမကြီးပေါ် ရှင်းလင်းရေး လုပ်နေချိန် ထပ်မံပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။ Top One KTV ဟာ ပြည်သူ့စစ်အဖွဲ့နဲ့ဆက်စပ်မှုရှိတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪️စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဥဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ နိုဝင်ဘာ ၉ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - KNDF-B 02
စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ – KNDF-B 02

▪️ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် သုံးဦးသေ

လွိုင်ကော်မြို့နယ်မှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး MA-1 သေနတ် (၁)လက်ရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၀က ဒီနေ့ ထုတ်ပြန်ပါတယ်။ လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီရဲ့ လောထော်တောင်ပေါ်စခန်းကို ရိက္ခာပို့ဖို့ လက်နက်အပြည့်အစုံ၊ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို မနေ့ ညနေပိုင်းက က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ၁၀မိနစ်လောက်သာ ကြာတဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် တပ်သားတစ်ဦးကိုင်ဆောင်တဲ့ MA-1 အမျိုးအစားသေနတ် (၁)လက် ၊ ကျည်ဘောက် (၄)ခု ၊ ကျည်ဆံအချို့နဲ့ ဖုန်း (၁)လုံးကို KNDFက သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪️စစ်ကောင်စီရဲ့ ထိုးစစ်အပေါ် ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ် တုံ့ပြန်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြဝတီဝေါ်လေလမ်းမပေါ်ရှိ ဒေသအခေါ် လူခို့ ညောင်ချောင်းနယ်‌မြေကို စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံတပ်က ထိုးစစ်ဆင်လာလို့ မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ရဲ့ တိုက်ခိုက်ရေး တပ်ရင်းခလရ(၂၀၇)၊ ခမရ (၁၀၂)မှ မနက် ၃နာရီမှစကာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ထိုးစစ်ဆင်လာရာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ် ကို KNLA တပ်ရင်း(၂၇)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွါသွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးဘဲ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ဘူးလို့ အသိပေးပါတယ်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

▪️မြိုင်နယ် နှမ်းဆီကန်ရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးလို့ နေအိမ်၁၂လုံးပျက်စီး

မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းရှိ နှမ်းဆီကန် ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ် ၁၂လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ၁၂ ရက် မနက်ပိုင်းက သရက်ကန်ရွာ ပျူစောထီးစခန်းမှ မြေပဲဖော်ထွက်လာတဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးအဖွဲ့များက အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူခြောက်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တွင်းမရွာနဲ့ သရက်ကန်ကျေးရွာတို့မှ ပျူများ၊ စစ်ကောင်စီတပ် အင်အား ၆၀ လောက်က အနီးရှိ နှမ်းဆီကန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်ခဲ့ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

▪️ဝက်လက်နယ် ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူလေးဦးကို မီးရှို့သတ်ဖြတ်သွားပြီး နေအိမ်ပေါင်း ၃၈၀ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဝက်လက်မြို့နယ်၊ ထန်းကြီးဘူတာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူ လေးဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ပြီး ထန်းကြီး ဘူတာ ‌အနောက်ဘက် အိမ်တစ်လုံးအတွင်း မီးရှို့ အလောင်းဖျောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲဒီနောက် စစ်ကောင်စီတပ်ဟာ ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ပြီး ရွာအနောက်ပိုင်း၊ တောင်ပိုင်းနဲ့ ရွာအလယ်ပိုင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာအိမ်ပေါင်း ၃၈၀ခန့် မီးလောင်ပြာကျခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု

▪️မြင်းခြံနယ် စစ်အုပ်စုစခန်းကို PDF များ ဝင်တိုက်၊ သေဆုံးမှုများရှိပြီး ကင်းစခန်းကို မီးရှို့ထားခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ကင်းစခန်းကို အလစ်အငိုက်ဝင်တိုက်ရာ ပျူအချို့ ထိခိုက်သေဆုံးမှုရှိပြီး ကင်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၆) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နိုဝင်ဘာ ၁၂ရက် ညပိုင်းက မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲအထိုင်ချထားတဲ့ ကြည်ရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ကြည်ရွာမှာ ညကင်းစောင့်နေတဲ့ စစ်တပ်နဲ့ ပျုစောထီး ကင်းစခန်း နှစ်ခုကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျု နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ​​တွေနဲ့ ထွက်ပြေးသွားကာ ကင်းစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ပျူဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။