“သူ့ကို လုံးဝရာခိုင်နှုန်းပြည့် နိုင်ငံရေးလောကက ဗမာပြည်သမိုင်းက ဖယ်ရှားလို့မရသေးဘူးဆိုတာလည်း ပေါ်လွန်နေတာပေါ့ဗျာ” ဗိုလ်မှူးကြီးခွန်ဥက္ကာ
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ နိုင်ငံရေးသဘောထားကို NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့် ရမှသာလျင် ထုတ်ဖော်ပြောဆိုနိုင်မည်ဖြစ်ကြောင်း ပြောကြားချက်ကို ထောက်ခံကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST)က ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များ၏ PPST ဦးဆောင်မှု ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၄ရက်က ကျင်းပပြီး လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်းနှင့် ပြည်တွင်းအခြေအနေများနှင့်ပတ်သက်ပြီး သဘောထား ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ PPSTတွင် ပါဝင်နေသူများသည် စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးနေသည့် လက်နက်ကိုင်အဖွဲ့များမှ ဖြစ်သည်။
ထိုသို့ ကြေညာခဲ့ခြင်းနှင့်ပတ်သက်ပြီး PPST ဦးဆောင်မှု ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက လာမယ့် ၂၀၂၃ မှာ ရွေးကောက်ပွဲ ကောင်းမွန်စွာ ဆောင်ရွက်နိုင်အောင် ဖြေလျှော့မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်တော့ ဖြေလျှော့မှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုလည်းပဲ ပြန်လည်ဖော်ထုတ်နိုင်တယ်။ သူတို့ ပြန်လည် ဖော်ထုတ်ခဲ့လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပဏာမ တွေ့ပြီးတော့မှ သဘောထားပေးမယ်ဆိုတဲ့ဟာက သတင်းထွက်လာတာပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့က ဒါက နိုင်ငံရေးအရွေ့တစ်ခုအဖြစ် လက်ရှိစစ်ကောင်စီဘက်ကလည်း ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဖြေလျှော့မှု တစ်ခုဖြစ်လာနိုင်မလားပေါ့ဗျာ။ အဲဒါကို ကြည့်ပြီးတော့ကျွန်နော်တို့က ကြိုဆိုထောက်ခံတယ်ဆိုပြီးတော့ပေါ့”ဟု မှတ်ချက်ပြုသည်။
လက်နက်အားကိုးဖြင့် အာဏာသိမ်းယူထားသည့် စစ်ကောင်စီကို ယုံကြည်ရနိုင်မလားဟု ဗိုလ်မှူးကြီးခွန်ဥက္ကာအား မေးမြန်းရာ ညှိနှိုင်းမှုမရှိဘဲ လက်နက်ကိုင်ပြီးသွားနေပါက မည်သည့် အင်အားစုကမှ ပြတ်သားစွာအနိုင်မရနိုင်ဟု ၎င်း၏ အမြင်ကို ပြောသည်။

Public Service Announcement
လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုအခြေအနေအပေါ် သဘောထားမှတ်ချက်တောင်းခံရာ ဒေါ်အောင်ဆန်းစုကြည်၏ ကဏ္ဍရှိနေကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“နိုင်ငံတကာ ဥပမာ တရုတ်ရဲ့ထောက်ခံမှုဆိုရင် လည်း သေသေချာချာရှိနေသေးတယ်။ အဲဒီလို ရှိနေတဲ့အပေါ်မှာ သူ့ကို လုံး၀ရာခိုင်နှုန်းပြည့် နိုင်ငံရေးလောကက ဗမာပြည်သမိုင်းက ဖယ်ရှားလို့ မရသေးဘူးဆိုတာလည်း ပေါ်လွန်နေတာပေါ့ဗျာ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
PPST ၏ ထုတ်ပြန်ချက်တွင် အာဆီယံဘုံသဘောတူညီချက် ၅ချက် အကောင်အထည်ဖော်မှုအပေါ်တွင် စစ်ကောင်စီအနေဖြင့် ပူးပေါင်းပါဝင် ရန် အမေရိကန်ပြည်ထောင်စု သမ္မတ၏ တိုက်တွန်းချက်ကို ထောက်ခံ ကြိုဆိုသည်ဟုလည်း ဖော်ပြထားသည်။
