Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တမူးမှာ အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု စုံစမ်းအရေးယူမယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ PDF များကို သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး မည်သူကျူးလွန်သည်ဖြစ်စေ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မနေ့က ထုတ်ပြန်ပါတယ်။ အမျိုးသမီးသတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ဟာ NUG ချမှတ်ထားတဲ့စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနဲ့ ဆန့်ကျင်သွေဖည်နေပြီး အဲဒီဖြစ်ရပ်ဟာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအရ လုံး၀ လက်သင့်မခံနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဖော်ပြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွှဲရာမှာ စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနဲ့ အညီသာ စီမံဆောင်ရွက်ကြရမယ်လို့ ထပ်မံသတိပေးပါတယ်။ နောက်ပြီး အကြမ်းဖက်စစ်ကောင်စီက သူတို့လိုပင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်မှုများ ပြုလုပ်နေတယ်လို့ ပုံဖော်ဖို့ကြိုးစားနေပြီး အဲဒီ ထောင်ချောက်ထဲ မကျရောက်မိစေဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အားလုံး အထူးသတိချပ်ကြစေလိုတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

▪︎ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန်ထံ ပူးပေါင်းလာ

ချင်းပြည်နယ် ဟားခါးအခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးဦး ချင်းဒေသကာကွယ်ရေးတပ်-ဆဲန်ထန်(CDF-Senthang)ထံ ပူးပေါင်းအလင်းဝင်လာတယ်လို့ CDF ဆဲထန်က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်သား သုံးဦးဟာ ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာတယ်လို့ ဆိုပါတယ်။ အဲဒီလို လာရောက်ပူးပေါင်းမှုကို နွေးထွေးစွာကြိုဆိုပြီး ထိုက်သင့်တဲ့ ဆုကြေးလက်ဆောင်များ ပေးအပ်ခဲ့သလို စိတ်ချလုံခြုံမှုရှိတဲ့ ဒေသကို ပို့ဆောင် ပေးပြီးဖြစ်တယ်လို့ CDF ဆဲန်ထန်က ထုတ်ပြန်ပါတယ်။ CDF ဆဲန်ထန်ထံ လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၅ ဦးရှိပြီးဖြစ်ပြီး တချို့မှာ လက်နက်တွေ ယူဆောင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ
ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ

▪︎KNU အုပ်ချုပ်နယ်မြေမှာ နိုဝင်ဘာအတွင်း စစ်ကောင်စီနဲ့ BGF ၃၀၀ကျော်သေဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးနယ်မြေတွေမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း (၂၉၀)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် မှ ၃၃၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၃၇ ဦး ရှိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ အဲဒီတိုက်ပွဲများအတွင်း KNU ဘက်မှ စစ်သည် ၃၀ ဦး ကျဆုံးခဲ့ပြီး ၆၈ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးပါတယ်။ KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွေအနက် တပ်မဟာနဲ့ ခရိုင်ခုနစ်ခုအနက် တပ်မဟာ (၁)၊ သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင် တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မဟာ(၇)နယ်မြေ ဖားအံခရိုင်မှာ တိုက်ပွဲ မဖြစ်ပွားခဲ့ပါဘူး။

KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

▪︎ကလေးမြို့မှ လူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ပစ်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးနဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နာရီပိုင်းအတွင်း စစ်ကြောရေးမှာ သတ်ပစ်လိုက်တယ်လို့ People’s Defence Force (Kalay)တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၄ ရက်က People’s Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနဲ့ အခြားလူငယ်တစ်ဦးတို့ ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ နှစ်ဦးစလုံးဟာ PDF တွေဖြစ်တယ်လို့ သတင်းအမှားလွှင့်ထားပေမယ့် တစ်ဦးသာ PDF ဖြစ်ပြီး အခြားလူငယ်မှာ PDF မဟုတ်ဘူးလို့ ကလေးPDF တပ်ဖွဲ့ဝင်က ပြောပါတယ်။ စစ်ကောင်စီသတ်ဖြတ်လိုက်သူ နှစ်ဦးစလုံးဟာ ဆက်ကျော်သက်လူငယ်တွေဖြစ်ပြီး ရုပ်အလောင်းကို မိသားစုဝင်များထံ ပြန်မပေးသေးဘူးလို့ သိရပါတယ်။

(စစ်ကောင်စီတပ် သတ်ပစ်လိုက်သည့် လူငယ်နှစ်ဦးအနက် တစ်ဦးအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် သတ်ပစ်လိုက်သည့် လူငယ်နှစ်ဦးအနက် တစ်ဦးအား တွေ့ရစဉ်)

▪︎ဆားလင်းကြီးနယ်မှာ တစ်ပတ်အတွင်း နေအိမ်၂၆၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ အဘွားအိုနှစ်ဦးမီးထဲပါသွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာခြောက်ရွာမှ နေအိမ်၂၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ရာ အဘွားအိုနှစ်ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကတည်းက ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ကတစ်ရက်တည်း ကျေးရွာသုံးရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရေမိန်တောင်ရွာမှ အိမ်ခြေ(၅၀)နဲ့ ရေမိန်မြောက်ရွာမှ နှစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ တရားကျေးရွာကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဟာ ထန်းဇင်၊ ဆားထုံး၊ လက်ပန်ကျွန်း၊ တောကျောင်းကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

▪︎ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ် အတွဲလိုက် ဒုံးများပါ အသုံးပြုတိုက်ခိုက်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများအပြင် အတွဲလိုက်ဒုံး MRLS ကိုများပါ အသုံးပြုတိုက်ခိုက်လာတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ ညပိုင်းက စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်များရှိ သူတို့ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းနေရာတွေကို အတွဲလိုက်ဒုံးတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို အတွဲလိုက်ဒုံးတွေ ပစ်ခတ်နေတဲ့ဓာတ်ပုံတစ်ပုံ မနေ့ညပိုင်းက ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး အဲဒီဓာတ်ပုံဟာ ဒီးမော့ဆိုဘက်ကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ လက်နက်ကြီးများ အဆမတန်အသုံးပြု ပစ်ခတ်ခြင်းဟာ နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်နေတာလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

(ယမန်နေ့ညပိုင်းက ကရင်နီပြည် နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ယမန်နေ့ညပိုင်းက ကရင်နီပြည် နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ – CJ)

▪︎ငါန်းဇွန်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရလို့ ဂိတ်အနီးကျေးရွာတွေကို စစ်အုပ်စု ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေ

မန္တလေးတိုင်း ငါန်းဇွန်မြို့အထွက် စစ်ဆေးရေးဂိတ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက ဂိတ်အနောက်ဘက် မြစ်အတွင်းရှိ ကျွန်းပေါ်ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မနေ့က ငါန်းဇွန်မြို့အနောက်ဘက် မြင်းမူမြို့ဘက်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး ငါန်းဇွန်စစ်ဆေးရေးဂိတ်က စစ်အုပ်စုဟာ ဂိတ်အနောက်ဘက် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်းဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကိုင်းနဲ့ မြင်းမူမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်‌လျှောက်ရှိ ကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ကလေးငယ်တွေနဲ့ စိတ်ကျန်းမာရေးမကောင်းသူကိုပါ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူနဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုကာ စစ်ကြောင်းထိုးဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလဆန်းကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနဲ့ ရွှေဘိုမြို့နယ် သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရပါတယ်။ အဲဒီစစ်ဘေးရှောင်တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတိုးကာ တာတိုင်ကျေးရွာမှ အသက်(၁၃)နှစ်အရွယ်၊ က​လေးငယ် နှစ်ဦး အပါအဝင် ၁၅ ဦး၊ သပွတ္တောကျေးရွာမှ ၁၁ဦး၊ မူးရိုးကုန်းကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၂၇ ဦးထက်မနည်း ဖမ်းဆီးခံထား​ရတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အဲဒီ ဖမ်းဆီးထားသူတွေကို လူသားဒိုင်းပြုလုပ်ကာ စစ်ကြောင်းထိုးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

You May Also Like